သိန္နီတွင် ဖမ်းမိသူ လေးဦး မဲဆောက်မှ ဝင်လာသည့် အာရ်အက်စ်အိုများ မဟုတ်

သိန္နီတွင် ဖမ်းမိသူ လေးဦး မဲဆောက်မှ ဝင်လာသည့် အာရ်အက်စ်အိုများ မဟုတ်
by -
မဇ္စျိမ

ရှမ်းပြည်နယ်၊ သိန္နီမြို့နယ် အေးရှားဝေါလ် လမ်းအသုံးပြုခ ကောက်ခံသည့်ဂိတ်တွင် ဖမ်းဆီးရမိသည်ဆိုသော အကြမ်းဖက် သံသယတရားခံ လေးဦးမှာ မဲဆောက်မှတစ်ဆင့် ဝင်ရောက်လာကာ မော်လမြိုင်မြို့နယ်အတွင်း ခိုလှုံနေသည်ဟု သတင်းရထားသည် ရိုဟင်ဂျာသွေးစည်း ညီညွတ်ရေးအဖွဲ့ (RSO) များမဟုတ်ဟု နိုင်ငံဖြတ်ကျော် မှုးခင်းဌာနကြီးမှူး ရဲမှူးချုပ် စိုးမြိုင်က နိုဝင်ဘာ ၂၁ ရက်တွင် မဇ္စျိမကို အတည်ပြုသည်။

"သိန္နီက လေးဦးက မော်လမြိုင်ကသူတွေမဟုတ်ဘူး၊ နောက်ထပ်ဖမ်းမိတာ၊ အခုသူတို့ကို အာရ်အက်စ်အို၊ အယ်လ်ခိုင်းဒါ၊ အစ္စလာမ်မစ်စ် နိုင်ငံတော်အဖွဲ့ (အိုင်အက်စ်) ကလား ဆိုတာကို ဖော်ထုတ်ဖို့ စစ်ဆေးနေတယ်။ သူတို့ လုပ်ဆောင်ချက်က အကြမ်းဖက်ဖို့ ဦးတည်မှုတွေရှိလို့ ဖမ်းဆီးခဲ့တာ"ဟု ၎င်းကပြောသည်။

RSO-s

၎င်းတို့ကို နိုဝင်ဘာ ၁၄ရက် နေ့လည် ၂နာရီအချိန်၌ ဖမ်းဆီးခြင်းဖြစ်ပြီး ကျောက်ဆည်မြို့၊ လက်ပံရွာနေ အွမ္မရ် ၊ မောင်မောင်မင်းကို(ခ) ဟာဗီဘိုလာ၊ စဉ့်ကိုင်မြို့နယ်၊ ကူမဲရွာနေ ဝေလမင်း(ခ) မိုဟာမက် နှင့် ပြင်ဦးလွင် ပဒေသာမြို့သစ်နေ မောင်တင်ဦး(ခ)အလီ တို့ဖြစ်သည်ဟု မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က အတည်ပြုသည်။

၂၀၁၄ခုနှစ်အတွင်း ၎င်းတို့အပါအဝင် စုစုပေါင်း ၃၅ ဦးကို အရေးပေါ် စီမံချက်အက် ဥပဒေ၊ ပေါက်ကွဲစေ တတ်သော လက်နက်နှင့် အခြားသူများကို ဖျားယောင်းသွေးဆောင်စေခြင်း အက်ဥပဒေတို့ဖြင့် အရေးယူထားပြီးဖြစ်သည်ဟု ရဲတပ်ဖွဲ့စာရင်းများကဆိုသည်။

ဇူလိုင်တွင် နေပြည်တော်မှ  ငါးဦး၊ စက်တင်ဘာတွင် သုံးဦး၊ သြဂုတ်တွင် ရှမ်းပြည်နယ်၌ ၂၀ ဦး၊ ရခိုင်ပြည်နယ်အတွင်း သုံးဦး၊ သိန္နီမြို့တွင် လေးဦးတို့ဖြစ်သည်။

၎င်းတို့အားလုံးသည် မြန်မာနိုင်ငံသားများဖြစ်သည်ဟု ရဲတပ်ဖွဲ့က အတည်ပြုသည်။

နိုဝင်ဘာလ ရရက် မော်လမြိုင်မြို့တွင် ထုတ်ပြန်ကြေငြာထားသည့် အာရ်အက်စ်အို ၄ဦးကိုမူ ဖမ်းဆီးနိုင်ခြင်း မရှိသေးဟု မြန်မာနိုင်ငံရဲတပ်ဖွဲ့ကပြောသည်။ ၎င်းတို့ကို ဖမ်းဆီးနိုင်ရန် မွန်ပြည်နယ်ရဲတပ်ဖွဲ့က အထူးအလေး ထားဆောင်ရွက်နေသည်ဟု ဒိုင်းဝန်းနက် ရဲစခန်း တာဝန်ရှိသူတစ်ဦးက နိုဝင်ဘာ ၂၁ရက်တွင် ပြောသည်။ "အဲဒီလေးဦးကို မော်လမြိုင်မှာမမိသေးပါဘူး" ဟု ၎င်းကပြောသည်။

မော်လမြိုင်တွင် ခိုလှုံနေသည်ဟု ယူဆထားသူများမှာ သန်းဝင်း (အဖွဲ့ခေါင်းဆောင် ပြည်တွင်းလှုပ်ရှားရေး တာဝန်ခံ)၊ အိုစမာ (ခ) ဒါပတ် (အဖွဲ့ဝင် မြန်မာနိုင်ငံဆိုင်ရာ တာဝန်ခံ)၊ အာဇတ်(ခ) အမင်း (အဖွဲ့ဝင် အစ္စလာမ်မစ် စစ်သွေးကြွ တိုက်ခိုက်ရေး သင်တန်းဆင်း၊ အီစမိုင်(ခ)ဇော်ဝင်း (အဖွဲ့ဝင် အစ္စလာမ်စစ်သွေးကြွ တိုက်ခိုက်ရေးသမား) တို့ဖြစ်သည်ဟု ရဲတပ်ဖွဲ့က ကြေညာထားသည်။

၎င်းတို့သည် ထိုင်းနိုင်ငံမဲဆောက်မှ တစ်ဆင့် မြန်မာနိုင်ငံအတွင်း ဝင်ရောက်လာခြင်းဖြစ်၍ မြဝတီ၊ ကော့ကရိတ်၊ ဘားအံ၊ သထုံ၊ မော်လမြိုင်တို့နှစ် တစ်ဆပ်တည်းရှိသော မြို့နယ်များတစ်လျှောက် ပုံနှင့် တကွ ကြေညာကာ ပြည်သူသို့ အသိပေးထားသည်ဟု ရဲတပ်ဖွဲ့ကဆိုသည်။

နိုင်ငံတကာတွင် အိုင်အက်စ်နှင့် ဆက်နွယ်သူ ရ၈၁ဦးထိရှိကာ မြန်မာနိုင်ငံသားများပါ၀င်သည်ဟု ကုလသမဂ္ဂလုံခြံုရေးကောင်စီက ထုတ်ပြန်ထားသည်။ ရဲမှူးချုပ် စိုးမြိုင်ကမူ စစ်ဆေးမှုများ လုပ်ဆောင်နေဆဲဖြစ်၍ ဖမ်းဆီးထားသူများ အပါအဝင် နိုင်ငံအတွင်း၌ နိုင်ငံတကာ အကြမ်းဖက်အဖွဲ့များနှင့် ဆက်နွယ်သူအရေ အတွက် မည်မျှရှိသည်ကို အတည်မပြုနိုင်သေးဟု ပြောသည်။

Most read this week