ခွင့်ပြုချက် တောင်းပြီးမှ အစည်အဝေးများ ပြုလုပ်ရန် UNFC အား ထိုင်းစစ်တပ် ညွှန်ကြားထား

ခွင့်ပြုချက် တောင်းပြီးမှ အစည်အဝေးများ ပြုလုပ်ရန် UNFC အား ထိုင်းစစ်တပ် ညွှန်ကြားထား
by -
ရွှေဟင်္သာ

ထိုင်းနိုင်ငံ နယ်စပ်၌ အခြေစိုက် ထားသည့် မြန်မာ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များမှ ထိုင်းနိုင်ငံ၌ တွေ့ဆုံ မှုများ ပြုလုပ်မည် ဆိုပါက ထိုင်းတပ်မတော်ထံ တင်ပြ အကြောင်းကြား ပြီးမှ လုပ်ဆောင်ရန် ထိုင်းနိုင်ငံ အမှတ် (၃) စစ်ဒေသ မှ ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ (UNFC)အား အကြောင်းကြား ထားကြောင်း UNFC တွဲဖက် အတွင်း ရေးမှူး (၁) ဗိုလ်မှူးကြီး ခွန်ဥက္ကာက ရွှေဟင်္သာ သတင်းဌာနအား နိုဝင်ဘာလ (၂၀) ရက်နေ့၌ ပြောကြားသည်။

“စည်းကမ်း တကျ ဖြစ်အောင် ပေါ့လေ၊ တရားဝင် အကြောင်း ရမှာပါ၊ အကြောင်းကြားလို့ ရပါတယ် ဆိုရင် ကျနော်တို့ ဆက်လုပ်ပေါ့ ၊ မရဘူး ဆိုရင်လည်း စောင့်ပေါ့၊ အဲသဘော မျိုးပါ၊ မလုပ်ရဘူး ဆိုပြီး ပိတ်ပင် ဟန့်တား လိုက်တဲ့ သဘောတော့ မဟုတ်ပါဘူး” ဟု ဗိုလ်မှူးကြီး ခွန်ဥက္ကာက ရွှေဟင်္သာ သတင်း ဌာနအား ပြောကြား ခဲ့သည်။

prayut chanochar

ထိုသို့ အကြောင်းကြား ရမည်ဟု ထိုင်းအာဏာပိုင်များ ညွှန်ကြား ခဲ့သည်မှာ ပြီးခဲ့သည့် ရက်သတ္တပတ် ကပင် ဖြစ်ပြီး အစည်း အဝေး ကျင်းပမည့်ရက်၊ နေရာ ၊ ဆွေးနွေးမည့် အကြောင်းအရာ၊ တက်ရောက်မည့် လူဦးရေ စသည် တို့ကို အကြောင်းကြားရန် ညွှန်ကြား ထားသည်။

၎င်း ညွှန်ကြား ချက်သည် ထိုင်းအစိုးရ၏ ပေါ်လစီ အပြောင်း အလဲကြောင့် ညွှန်ကြားခြင်း ဖြစ်ကာ မြန်မာ အစိုးရနှင့် ထိုင်းအစိုးရ တို့အကြား ညှိနှိုင်း မှုကြောင့် ဤသို့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များအား ထိုင်းအစိုးရမှ အကူအညီ ပေးနေ မှုကို ကန့်သတ်ရန် စတင် လုပ်ဆောင်ခြင်း ဖြစ်ကြောင်း ဗိုလ်မှူးကြီး ခွန်ဥက္ကာက ဆက်ပြောသည်။

ပြီးခဲ့သည့် စက်တင်ဘာလ၌ ၂၂ ရက်နေ့မှ ၂၆ ရက်နေ့ အထိ မြန်မာနိုင်ငံ ငြိမ်းချမ်းရေး ပြန်လည် ထူထောင်ရေး လုပ်ငန်းဗဟိုဌာန၌ အစိုးရ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ဖော်ဆောင်ရေး ကော်မီတီ UPWC နှင့် တိုင်းရင်းသား များ၏ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး ညှိနှိုင်းရေး အဖွဲ့ (NCCT) တို့၏ ညှိနှိုင်းမှု မပြေလည် ခဲ့သည့် နောက်ပိုင်း၌ ထိုင်းအစိုးရ၏ ဖိအားပေး လာမှုမှာ ပို၍ မြင်သာ လာကြောင်း UNFC အဖွဲ့မှ အမည် မဖော် လိုသည့် တိုင်းရင်းသား ခေါင်းဆောင် တစ်ဦးက ပြောသည်။

“စက်တင်ဘာ ဆွေးနွေးပွဲ မပြေလည် ကြတဲ့ နောက်ပိုင်း ကျနော်တို့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေ ထိုင်းနိုင်ငံမှာ အစည်း အဝေး လုပ်ဖို့၊ သွားလာ လှုပ်ရှားဖို့ ယခင် ကထက် ပိုပြီး တင်းကျပ် လာတာမျိုး ရှိလာတယ်၊ ပြောရရင် ထိုင်းမှာ စစ်တပ် အာဏာသိမ်းပြီး ကတည်းက ချုပ်ချယ်မှုတွေ လုပ်လာတာ ရှိပေမယ့် ၊ အဲဒီ စက်တင်ဘာနောက်ပိုင်းမှာ ကျနော်တို့ တိုင်းရင်းသား လက်နက်ကိုင် တပ်တွေ အပေါ် ချုပ်ချယ် မှုတွေ လုပ်လာ တာတော့ ပိုပြီး မြင်သာ လာတယ်” ဟု ၎င်းက ရွှေဟင်္သာ သတင်းဌာနအား နိုဝင်ဘာလ (၂၀) ရက်နေ့၌ ပြောကြား ခဲ့သည်။

ထိုသို့ ထိုင်းအာဏာပိုင် များမှ ညွှန်ကြားချက် ထုတ်ရခြင်း မှာလည်း အာဆီယံ ထိပ်သီး အစည်းအဝေး အတွင်း ထိုင်းဝန်ကြီးချုပ်နှင့် သမ္မတ ဦးသိန်းစိန် တို့၏ အလွတ် ဆွေးနွေးမှုမှ မြန်မာ တိုင်းရင်းသား လက်နက်ကိုင် များအား ထိုင်းအစိုးရမှ အကူအညီ ပေးနေမှုကို ကန့်သတ်ရန် မြန်မာ အစိုးရ၏ တောင်းဆို မှုကို ထိုင်းအစိုးရမှ အကောင်အထည် ဖော်ခဲ့ခြင်း ဖြစ်ကြောင်းလည်း ထိုင်းတပ်မတော်မှ အကြီးတန်း အရာရှိ တဦးကလည်း ရွှေဟင်္သာ သတင်းဌာနအား နိုဝင်ဘာလ (၂၀) ရက်နေ့၌ ပြောကြား ခဲ့သည်။

ထိုသို့ တင်းကျပ်မှု ရှိနေ သော်လည်း လာမည့် နိုဝင်ဘာလ (၂၄) နှင့် (၂၆) ရက်နေ့ အတွင်း မြန်မာ့ ငြိမ်းချမ်းရေး စင်တာမှ အရာရှိများ ထိုင်းနိုင်ငံ၌ UNFC အဖွဲ့နှင့် အလွတ်သဘော လာရောက် တွေ့ဆုံရန် ရှိကြောင်း MPC မှ အကြီးတန်း အကြံပေး အရာရှိ ဦးလှ မောင်ရွှေက ရွှေဟင်္သာ သတင်း ဌာနအား နိုဝင်ဘာလ (၁၉) ရက်နေ့၌ ပြောကြား ထားသည်။

ထိုပေါ်လစီ ညွှန်ကြားချက်မှာ ထိုင်းနိုင်ငံ စစ်ဒေသ ဆိုင်ရာ အဆင့် ညွှန်ကြားချက် ဖြစ်ကာ အထူး သဖြင့် ထိုင်းနိုင်ငံ မြောက်ပိုင်း ချင်းမိုင်မြို့၌ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များမှ တွေ့ဆုံ ဆွေးနွေး မှုများ ပြုလုပ် နေကြသဖြင့် ၎င်းတွေ့ဆုံ ဆွေးနွေးမှု များအား ထိုင်းဒေသ ဆိုင်ရာ တပ်မတော် များမှ သိရှိ နိုင်ရန် ညွှန်ကြားခြင်း ဖြစ်ကြောင်း ဆိုသည်။

ထိုင်းအမှတ် (၃) စစ်ဒေသသည် ထိုင်းနိုင်ငံ မြောက်ပိုင်း တစ်ခွင်ရှိ ကြည်းတပ် များအား ထိန်းချုပ် ကွပ်ကဲ ရသည့် စစ်တိုင်း ဖြစ်ကာ ၎င်း၏ ထိန်းချုပ် ကွပ်ကဲမှု လက်အောက်၌ ချင်းမိုင်၊ ချင်းရိုင်၊ လန်ပန်၊ တာ့ခ်၊ ခရိုင်ရှိ ကြည်းတပ်များ ပါဝင်ကြောင်း သိရသည်။