ကချင် ပြည်နယ် ဖားကန့် မြို့နယ်ရှိ ဝဂျော်မှော်ခေါ် ကျောက်စိမ်း မှော်၌ ရေမဆေးကျောက် ကောက် သူ မောင်ဂွမ်ဂျာအောင်အား ခန္ဓာကို အပိုင်းပိုင်း ဖြတ်၍ သတ်ဖြတ် ထားသည့် အပေါ် နိုဝင်ဘာလ (၂၀) ရက်နေ့ မနက်တွင် ငြိမ်းချမ်းစွာ ကန့်ကွက် ဆန္ဒပြ ခဲ့ကာ ကုမ္ပဏီ၏ တရား ဥပဒေမဲ့ လုပ်ရပ်အား လက်မခံ နိုင်ကြောင်း ဆန္ဒပြ ရာတွင် ပါဝင် ခဲ့သည့် ကိုဘရန်မိုင်မှ ရွှေဟင်္သာ သတင်း ဌာနအား နိုဝင်ဘာလ (၂၀) ရက်နေ့တွင် ပြောကြား ခဲ့သည်။
“ဂွမ်ဂျာအောင် သေဆုံးမှု အတွက် တောက်ပကြယ် ကုမ္ပဏီ ကနေ သိန်း (၄၀၀) လျော်ကြေး ပေးတယ်။ အမှုက လျော်ကြေး ရပေမယ့် ကျွန်တော်တို့ မပြေ ပျောက်ပါဘူး။ ဒါက လူသား တယောက် နစ်နာမှု အတွက်ဘဲ ရတာပါ။ ဒီအတွက် ကုမ္ပဏီကို တရား ဥပဒေမဲ့ သတ်ဖြတ်တဲ့ လုပ်ရပ်ကို ကျွန်တော်တို့ လက်မခံ နိုင်ပါဘူး” ဟု ကိုဘရန်မိုင်က ပြောသည်။
အသက် (၂၀) အရွယ်ရှိ ဂွမ်ဂျာအောင်သည် ဖားကန့် မြို့နယ် ကျောက်စိမ်းမှော် အတွင်းစွန့်ပစ် မြေကျစ်စာ ထဲမှ ရေမဆေးကျောက်များ ကောက်နေစဉ် အသတ်ခံ ရခြင်း ဖြစ်ပြီး အောက်တိုဘာ (၃၁) ရက်နေ့တွင် ၎င်း၏ အပိုင်းပိုင်း ပြတ်နေသော အလောင်းကို တွေ့ရှိ ခဲ့သည်။
ဂွမ်ဂျာအောင်အား ကုမ္ပဏီ၏ စက်ယန္တရားကြီး မြေထိုးစက် မောင်းသူ ကိုယ်တိုင် သတ်ဖြတ် ထားပြီး အလောင်းကို ဖျောက်ဖျက် ခဲ့သည်ဟု ဖားကန့် မြို့နယ် ရဲစခန်း ၎င်းအား စစ်ဆေး မေးမြန်း ခဲ့စဉ် ဝန်ခံ ထွက်ဆို ထားခဲ့ကာ ၎င်းကုမ္ပဏီ၏ မြေထိုးစက် မောင်းသူ အားလည်း ဥပဒေ ကြောင်းအရ ဖားကန့် မြို့နယ် ရဲစခန်း၌ အရေးယူ ထားကြောင်း ကိုဘရန်မိုင်က ဆက်ပြောသည်။
ကျောက်စိမ်းမှော် အတွင်း မောင်ဂွမ်ဂျာအောင် အသတ်ခံ ရသည့် ဖြစ်ရပ်နှင့် ပက်သက်၍ တောက်ပကြယ် ကုမ္ပဏီ၏ ဥပဒေမဲ့ လုပ်ရပ်အား ကန့်ကွက် ဆန္ဒပြ ရခြင်း ဖြစ်ကြောင်းလည်း ဆန္ဒပြ ဖြစ်စဉ်နှင့် ပတ်သက်၍ ဒီမိုကရေစီ အင်အားစု NDF ပါတီ၏ ကချင်ပြည်နယ် ဥက္ကဌ ဒေါ်ဘောက်ဂျာ ကလည်း ရွှေဟင်္သာ သတင်း ဌာနအား နိုဝင်ဘာလ (၂၀) ရက်နေ့၌ ပြောကြား ခဲ့သည်။
“သေဆုံး သွားတဲ့ ကလေးက စွန့်ပစ် မြေကျစ်စာ ထဲကရေမဆေး ကျောက်တွေကောက်နေ စဉ်မှာအသတ်ခံ ရတာ။မသေမချင်း လုပ်ဆောင် နေတယ်လို့ ကျွန်မတို့ သိရတာ။ဒီလို ဥပဒေမဲ့ လုပ်ရပ် တွေကိုဒီကနေ့ ကျွန်မတို့ ဆန္ဒပြရခြင်း ဖြစ်တယ်” ဟု ဒေါ်ဘောက်ဂျာက ရွှေဟင်္သာ သတင်း ဌာနအား ပြောကြားသည်။
ဆန္ဒပြရာ၌ ဖါးကန့် မြို့အတွင်း ငြိမ်းချမ်းစွာ လှည့်လည် ဆန္ဒပြ ခဲ့ကြပြီးဒေသခံ လူအင်အား (၁၀၀၀) ကျော် ဆန္ဒပြ ရာ၌ ပူးပေါင်း ပါဝင် ခဲ့ကြသည်။
အဆိုပါ ဂွမ်ဂျာအောင်အား တောက်ပကြယ်ကုမ္ပဏီ၏ မြေတူးစက် မောင်းသူမှ သက်ဖြတ် ခဲ့မှုနှင့် ပတ်သက်၍ ကုမ္ပဏီ၏ စီစဉ် ဆောင်ရွက် နေမှု အခြေအနေ များအား သိရှိ နိုင်ရန် အတွက် ရွှေဟင်္သာ သတင်း ဌာနမှ တောက်ပကြယ် ကုမ္ပဏီအား နိုဝင်ဘာလ (၂၀) ရက်နေ့တွင် ဆက်သွယ် မေးမြန်းရန် ကြိုးပမ်း ခဲ့သော်လည်း အဆက်အသွယ် မရခဲ့ပေ။
ယခုကဲ့သို့ သတ်ဖြတ် မှုသည် ရာဇဝတ် မြောက်သော သတ်ဖြတ်မှု လုပ်ရပ် အပြင် လူ့အခွွင့်အရေး ဖေါက်ဖျက် မှုကို ကျူးလွန် ခြင်းလည်း ဖြစ်ကြောင်း ဒီမိုကရေစီ အင်အားစု NDF ပါတီ၏ ကချင်ပြည်နယ် ဥက္ကဌ ဒေါ်ဘောက်ဂျာက ဆက်ပြောသည်။
“မောင်ဂွမ်ဂျာအောင်ကို မသေမချင်း သတ်ဖြတ်တယ် ဆိုတာ ကတော့လူ့အခွင့်အရေး အရရောလူမှုရေး အရရောချိုးဖောက်မှုကို ကျူးလွန်ပြီး တော်တော် လေးကို ရိုင်းစိုင်း မောက်မာ လွန်းတယ်လို့ ကျမ ပြောချင်တယ်” ဟု ဒေါ်ဘောက်ဂျာက ဆက်ပြောသည်။
ကချင်ပြည်နယ် ဖါးကန့် ဒေသတွင် ကျောက်စိမ်းနှင့် အခြား တွွင်းထွက် ရတနာများ သစ်တော များမှ သယံဇာတများ များကို ယခင် ဒေသခံများ တပိုင်တနိုင် လုပ်ကိုင် နေကြ သော်လည်း ယခု ဆိုလျှင် အစိုးရနှင့် အကျိုးတူ ပူးပေါင်း ထားသည့် ကုမ္ပဏီ များမှ ၀င်ရောက် လုပ်ကိုင် လာသည့် အတွက် ဒေသခံများ တပိုင်တနိုင် လုပ်ပိုင်ခွင့် ဆုံးရှံုး လာခဲ့ ရသည်။
တိုင်းရင်းသား ဒေသတွင်း ဖြစ်ပွား နေသည့် လက်နက်ကိုင် ပဋိပက္ခ များနှင့် နိုင်ငံရေး ပြဿနာရပ် များသည် ဒေသအတွင်း ထွက်သည့် သယံဇာတ များနှင့် ဆက်စပ်မှု ရှိနေ သည်ဟု နိုဝင်ဘာ (၁၇) ရက်နေ့ ဂျပန် အောက်လွှတ်တော် အစည်းအဝေး ခန်းမအတွင်း ကျင်းပ ခဲ့သည့်သတင်းစာ ရှင်းလင်းပွဲ တစ်ရပ် ၌လည်း ၂၀၁၀ ခုနှစ်ရာမွန် မက်ဆေးဆေး ဆုရှင် ဒေါ်ဆိုင်းရော်မှ စာတမ်း တင်သွင်း ဖတ်ကြား ထားခဲ့သည်။
ယခုကဲ့သို့ ကုမ္ပဏီကြီး များ၏ ဝင်ရောက် လုပ်ကိုင်မှု ကြောင့်လည်း သဘာဝ ပါတ်ဝန်းကျင် ပျက်ယွင်းမှု ပိုမို များပြား လာသလိုလုပ်ငန်းခွင်တွင်း လုပ်အားခ ချိုးနှိမ်မှု လူ့အခွင့် အရေး ချိုးဖေါက်မှု ဖြစ်စဉ်များ ဖြစ်ပေါ် နေကြောင်း ဒေါ်ဘောက်ဂျာ ဆိုသည်။