ကျွန်းသစ် မှောင်ခိုကား တိမ်းမှောက်၍ လုံခြုံရေး ယူပေးသည့် တပ်မတော်သား တစ်ဦး သေဆုံး

ကျွန်းသစ် မှောင်ခိုကား တိမ်းမှောက်၍ လုံခြုံရေး ယူပေးသည့် တပ်မတော်သား တစ်ဦး သေဆုံး
by -
သျှမ်းသံတော်ဆင့်

သျှမ်းပြည်နယ် တောင်ပိုင်း၊  အရှေ့တောင်ပိုင်း သံလွင် မြစ်ဝှမ်း အတွင်း ကျွန်းသစ်များ ခိုးထုတ်သည့် မှောင်ခို သစ်တင် ကားတစီး တိမ်းမှောက်ရာ လုံခြံုရေး လိုက်ယူ ပေးသည့် အစိုးရ တပ်မတော် ရဲဘော်တစ်ဦး သေဆုံးသည်ဟု နီးစပ်သည့် အသိုင်းအဝိုင်း က ပြောသည်။

သျှမ်းပြည်နယ်တောင်ပိုင်း မိုင်းပန်မြို့နယ်နှင့် သျှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းတုံမြို့နယ် မိုင်းဆတ်မြို့နယ် အတွင်းရှိ ကျွန်းသစ်များအား သယ်ထုတ်စဉ် မိုင်းတုံမြို့ နှင့် သံလွင်မြစ်ကူး တာ့ဆန်းတံတားအကြား တောင်သုံးလုံး တောင်ကြော၌ နိုဝင်ဘာ ၁၆ ရက်နေ့က သစ်ကားတစီးတိမ်းမှောက်ရာ လုံခြံုရေးလိုက်လံယူပေးသည့် မိုင်းတုံ အခြေစိုက် ခမရ ၅၁၉ မှ ရဲဘော် တစ်ဦးသေဆုံးကြောင်း အမည်မဖေါ်လိုသည့် ပြည်သူ့စစ်အရာရှိ တစ်ဦးက ပြောသည်။

Timber

“အလှည့်ကျ တာဝန်ယူပေးတယ်။ လမ်းမှာလဲ သူတို့တပ်တွေကို ဖြတ်သန်းခ ပေးရတယ်။ ရဲ စရဖ အစ အာဏာပိုင်တွေ အားလုံးပေးရတယ်။ ပိုင်ရှင်က ရှေ့ပြေးပေးတယ်။ ကျပ်သန်းပေါင်းများစွာ ကုန်တယ်။ တစ်ည တစ်ည သစ်ကားဖြတ်သန်းတာ အစီး ၃၀ ကျော်တယ်။ တရုတ် လုပ်လေးလုံးထိုး ကားတွေ။ အဲဒါ ဒီမိုင်းတုံမှာ ရှိတဲ့ တပ်တွေက အလှည့်ကျ တာဝန်ယူပြီး လုံခြုံရေး လိုက်ယူ ပေးတယ်” ဟု သစ်ကုန်သည် အသိုင်းအဝိုင်းကပြောသည်။

သစ်မှောင်ခိုကားများသည် သျှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းတုံ၊ မိုင်းဆတ်မြို့တို့မှ တဆင့် မိုင်းခွန်၊ ကျိုင်းတုံ သို့ သယ်ယူကာ တဘက်နိုင်ငံသို့ ပို့ဆောင်ကြောင်း၊ သယ်ယူသည့်ခရီးစဉ်တလျှောက်လုံး ဒေသ အတွင်း တပ်မ တော်တပ်မှူးများအပါ၀င် ဒေသခံလက်နက်ကိုင်တပ်ဖွဲ့များပါ၀င်မှု ရှိနေကြောင်းလည်း ဆိုသည်။

ထိုသစ်များခုတ်ဖြတ်သယ်ယူခွင့်အား လက်နက်ကိုင်အဖွဲ့အစည်းတခုက နာမည်ခံပေးကြောင်း၊ တရုတ်၊ ကုလား ငွေရှင်များက နေပြည်တော်ထံမှ ပါမစ်ယူကာ သစ်များအား အဆပေါင်းများစွာ တန်ပိုခုတ်ဖြတ်ကာ သယ်ထုတ်နေခြင်းဖြစ်ကြောင်း၊ ဒေသခံ တောင်သူလယ်သမားများအား လုပ်အား အငှားယူပြီး စက်ချိန်းလွှ ဖြင့်နေ့စဉ်ခုတ်ဖြတ်စေကြောင်း၊ အလုပ်လုပ်ရာတွင် ယာဘပါသုံးခိုင်း သောကြောင့် လုပ်အားခများ ထုတ်ပေး ရာတွင် ယာဘဆေးအတွက် ပြန်နုတ်ပါက မိသားစုဝင်ငွေ မကျန်တော့ကြောင်း အဆိုပါ သစ်မှောင်ခိုအသိုင်း အဝိုင်းက ပြောသည်။

“အရင်က မိုင်းဆတ်ကနေ တာချီလိတ်၊ ဟွေ့လင်လမ် နမ့်ပုံ ကနေတဆင့်သယ်ထုတ်တယ်။ ကျွန်းတုံးတွေ အပေါ် ပြောင်းဖူးတွေတင်ပြီး မဲခေါင်မြစ်ကနေတဆင့် တရုတ်၊ ဒါမှမဟုတ် ထိုင်းကို ပို့တာ၊ အခုတော့ အဲဒီ့ဘက် သိပ်မလာတော့ဘူး။ ကျိုင်းတုံ ကိုသွားတယ်။ တခါတလေ နှစ်နိုင်ငံ အာဏာပိုင် တွေနဲ့ အဆင်ပြေ ရင်၊ ကျွန်းသစ်ကားတွေက တာချီလိတ်-မယ်ဆိုင် အမှတ် ၂ တံတားကနေ ထိုင်းကို ပေါ်တင်ဘဲဝင်တာလဲ ရှိတတ်တယ်” ဟု တာချီတ်သစ်ကုန်သည်အသိုင်းအဝိုင်း စိုင်းဝမ်းလျဲန်းက ပြောသည်။

သျှမ်းပြည်နယ်ထွက် ကျွန်းသစ်များအား နိုင်ငံခြားသို့ ၂၀၁၂ ခုနှစ်အတွင်း တန်ချိန် နှစ်သိန်းထက်မနည်း တင်ပို့ နိုင်ခဲ့ သည်ဟု သျှမ်းပြည်နယ် သစ်တော သတ္တု ၀န်ကြီး စိုင်းအိုက်ပေါင်း ကပြောသည်။

အဆိုပါ ကျွန်းသစ်မှ ရသည် ့အခွန်အခများအား ပြည်ထောင်စုအစိုးရက သျှမ်းပြည်နယ် အစိုးရထံ ၃% နှုန်းသာ ခွဲဝေပေးကြောင်း၊ ပြည်ထောင်စုအစိုးရထံမှ ၅၀% ခွဲဝေပေးမည်ဆိုပါက သျှမ်းပြည် နယ် အတွက် ၀င်ငွေ အများအပြားရစေ မည်ဖြစ်ကြောင်း - ချင်းမိုင်မြို့ လူမှုအသင်းအဖွဲ့နှင့်တွေ့ဆုံစဉ် ၀န်ကြီး စိုင်းအိုက်ပေါင်းက ပြောကြားသည်။