အခြေခံဥပဒေ ပြင်ဆင်ရေးတွင် သမ္မတနှင့် ကာကွယ်ရေး ဦးစီးချုပ်၏ အဆုံးအဖြတ်မှာ အဓိကမကျဘဲ လွှတ်တော်သာ အဓိက တာဝန်ရှိသည်ဟု သမ္မတ ဦးသိန်းစိန်က ဗီအိုအေ သတင်းဌာနနှင့် သီးသန့်အင်တာဗျူးတွင် ပြောလိုက်သည်။
"ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးသည် အဓိက ခုနကလို တာဝန်အရှိဆုံးကတော့ လွှတ်တော်ထဲမှာပဲ။ ဒုတိယကတော့ ပြည်သူပဲ။ အစိုးရကလည်း ဘာလုပ်လိုက်ပါ၊ ပြင်လိုက်ပါ၊ မပြင်လိုက်ပါနဲ့ ကျွန်တော်တို့ ပြောလို့မရဘူး။ တပ်ကလည်း သွားပြီးတော့ ခင်ဗျား ဒါပြင်လိုက်ပါ၊ မပြင်လိုက်ပါနဲ့ ပြောလို့ မရပါဘူး။ တပ်ကို ကျွန်တော်တို့က ခင်ဗျားတို့က ဒါပြင်ဖို့အတွက် ပြောလိုက်ပါ၊ ဒါမပြင်ဖို့အတွက် ပြောလိုက်ပါ ကျွန်တော်ပြောလည်း ဘာမှ အဓိပ္ပါယ် မရှိဘူး။ ခုနကလို တပ်ကပြောလည်း ခင်ဗျား မပြင်နဲ့ဗျာဆိုလို့လဲ လွှတ်တော်ထဲကနေ အတည်ပြု ဆုံးဖြတ်လိုက်ရင် ပြင်လို့ရတာပဲ၊ ခုနကလို။ ဒါပြင်ပါဗျာ ဆိုလို့လဲ လွှတ်တော်ထဲကနေ သူတို့ မဲနဲ့ခွဲ ဆုံးဖြတ်တယ်၊ မဲအရ သူတို့က အရေးသာမှု မရှိဘူးဆိုရှိရင်လည်း ဒါဟာ ခုနကလို ဟိုဒင်းဖြစ်မှာပဲ။ အဓိကကတော့ ခုနကလို လွှတ်တော်ရဲ့ အဆုံးအဖြတ်ပဲ"ဟု သမ္မတက ဦးသိန်းစိန်က ပြောသည်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ပြင်ဆင်နိုင်ရေးတွင် အဓိကကျသည့် ပုဒ်မ ၄၃၆ကို ပြင်ရန်မှာ နိုင်ငံတော် သမ္မတနှင့် ကာကွယ်ရေး ဦးစီးချုပ်ပေါ်တွင် အဓိကမူတည်နေသည်ဟု ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းက နိုဝင်ဘာ ၁၈ရက်က နေပြည်တော် တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ မဇ္စျိမ၏ မေးမြန်းမှုကို ဖြေကြားခဲ့သည်။
“၄၃၆ ကို တပ်မတော်သားတွေက မပြင်လိုဘူးလို ့ပြောတယ်၊ ဒါက သူတို ့အပိုင်းပါ၊ မိမိတို ့သဘောကတော့ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ပြင်ရာမှာ ၄၃၆ ကို အဓိကထား စဉ်းစားဖို ့လိုတဲ့အတွက် အောင်မြင်အောင် ကြိုးစားသွားမှာဖြစ်တယ်။ အောင်မြင်ဖို ့အတွက် ကတော့ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်တွေကို ဦးဆောင်တဲ့ ကာကွယ်ရေး ဦးစီးချုပ်ရှိတယ်၊ နောက်ပြီး အစိုးရအဖွဲ ့ကို ဦးဆောင်တဲ့ နိုင်ငံတော်သမ္မတ ရှိတယ်၊ သမ္မတအနေနဲ ့ တကယ်တမ်းကျတော့ တပ်မတော်အပေါ်မှာ ထိုက်သင့်တဲ့ သြဇာရှိသူဖြစ်တဲ့ အတွက် အောင်မြင်ရေးဟာ သူတို့အပေါ် မူတည်နေပါတယ်”ဟု သူရဦးရွှေမန်းက ပြောခဲ့ခြင်းဖြစ်သည်။
၂၀၀၈ ဖွဲ့စည်းပုံခြေခံဥပဒေပါ အရေးကြီး ပုဒ်မများအတွက် ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်ဦးရေ၏ ရ၅ ရာနှုန်းနှင့်အထက်၊ တစ်နည်းအားဖြင့် ရွေးကောက်ခံ ကိုယ်စားလှယ်အားလုံးနှင့် တပ်မတော်သားကိုယ်စားလှယ် အနည်းဆုံး နှစ်ဦးက ထောက်ခံမှ သာ ပြင်ဆင်ခွင့်ရမည်ဖြစ်သည်။