သပိတ်မှောက် ကျောင်းသားများ၏ လေးပွင့်ဆိုင် တောင်းဆိုမှု NNER နှင့် လွှတ်တော်အမတ်များ လက်ခံ

သပိတ်မှောက် ကျောင်းသားများ၏ လေးပွင့်ဆိုင် တောင်းဆိုမှု NNER နှင့် လွှတ်တော်အမတ်များ လက်ခံ
by -
မဇ္စျိမ

အမျိုးသား ပညာရေး ဥပဒေနှင့် ပတ်သက်၍ ဆွေးနွေးရန် လေးပွင့်ဆိုင်တွေ့ဆုံခွင့် တောင်းဆိုမှုအပေါ်   လွှတ်တော်ကိုယ်စားလှယ်နှင့်  ပညာရေးပြုပြင်ပြောင်းလဲမှု နိုင်ငံလုံးဆိုင်ရာကွန်ယက်( NNER)တို့က တွေ့ဆုံမည် ဟု ဆိုလိုက်ပြီး ပညာရေး ဝန်ကြီးဌာနဘက်ကလည်း ယင်းသို့ လေးပွင့်ဆိုင် တွေ့ဆုံရန် မတောင်းဆိုခင် ကပင် တွေ့ဆုံမည်ဟု ဆိုထားပြီး ဖြစ်သည်။

အစိုးရ၊ လွှတ်တော်၊ ပညာရေးပြုပြင်ပြောင်းလဲမှု နိုင်ငံလုံးဆိုင်ရာကွန်ယက်( NNER )နှင့် ဆန္ဒပြ ကျောင်း သားများ လေးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးရန် နိုဝင်ဘာလ ၁၈ ရက်က တောင်းဆိုခဲ့ခြင်း ဖြစ်သည်။

Student-Strike-4

လေးပွင့်ဆိုင်တွေ့ဆုံမှုနှင့် ပတ်သက်ပြီး ပြည်သူ့လွှတ်တော် ပညာရေးမြှင့်တင်မှုကော်မတီ အတွင်းရေးမှူး၊  ပြည်ထောင်စုကြံခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ငါန်းဇွန်မဲဆန္ဒနယ်မှ ဒေါက်တာမြဦးက ပညာရှင် တစ်ဦး အနေဖြင့်ရော လွတ်တော်ကိုယ်စားလှယ် အနေဖြင့်ပါ တွေ့ဆုံ လိုပါကလည်း တွေ့ဆုံနိုင်သည် ဟု ဆိုလိုက်သည်။

၎င်းက “ဒီဘက်အပိုင်းက ၀န်ကြီးဌာနအပိုင်းဖြစ်သွားပြီး။ လေးပွင့်ဆိုင်တွေ့တာရည်ရွယ်ချက်က ဘာလဲ၊ တို့က ရည်ရွယ်ချက်က ပညာရေးမြှင့်တင်တာ။ ၀န်ကြီးတစ်ဦးပြောင်းရင် ၊ အစိုးရ တစ်ခု ပြောင်းရင် ပညာရေးက ခဏခဏပြောင်းနေတယ်။  ၂၁ရာစုနဲ့ ညီအောင်အများကြီးပြောင်းထားတာ။ အခုဟာက စိတ်တိုင်းကျ အကိုးအကားတွေနဲ့ လုပ်ထားတာ” ပြောသည်။

ယင်းအပြင်အစိုးရ အနေဖြင့်လည်း ကျောင်းသားများနှင့် တွေ့ဆုံ ဆွေးနွေးမည်ဟု လေးပွင့်ဆိုင် တွေ့ဆုံရန် မတောင်းဆိုခင်ကပင် ပညာရေး ၀န်ကြီး ဒေါက်တာ ခင်စန်းရီက နိုဝင်ဘာ ၁၈ ရက် နံနက်ပိုင်းတွင် ပြောကြားထားပြီးဖြစ်သည်။ သို့သော် လေးပွင့်ဆိုင် တွေ့ဆုံရေးနှင့် ပတ်သက်သည့် သီးသန့်မှတ်ချက်ကိုမူ မဇ္စျိမက မရရှိခဲ့ပေ။

အမျိုးသားပညာရေးဥပဒေနှင့်ပတ်သတ်ပြီး အစိုးရ၊ လွှတ်တော်ပညာရှိသူများအား ရက်ပေါင်း ၆၀ အတွင်း တွေ့ဆုံဆွေးနွေး ရန် တောင်းဆိုခြင်းနှှင့် ပတ်သတ်ပြီး ဆန္ဒပြကျောင်းသား ကိုယ်စားလှယ်များ အနေဖြင့် ဥပဒေပြု လွှတ်တော်ကော်မတီနှင့် တွေ့ဆုံ ညှိနှိုင်းဆောင်ဆိုလိုပါက ကူညီ ဆောင်ရွက်ပေး နိုင်ကြောင်း ပညာရေးမြင့်တင်မှုအကောင်အထည်ဖော်ရေးကော်တီက နို၀င်ဘာ ၁၈ ရက်က ဖိတ်ခေါ်ထားသည်။

NNER မှ  မူဝါဒ ရေးရာ ညှိနှိုင်း လုပ်ငန်း  အဖွဲ့ဝင် မသူသူမာက “ သူတို့ဖိတ်ခေါ်တဲ့ လေးပွင့်ဆိုင်ဆွေးနွေး ပွဲမှာ ငြင်းပယ်မှာ မဟုတ်ဘူး။ ပါ၀င်ပေးမယ်။ ဒီ process (လုပ်ငန်းစဉ်) မပြီးဆုံးသ၍ အတူတူပါ၀င်သွား မယ်။ ကျောင်းသားတွေ တောင်းဆိုတဲ့ လေးပွင့်ဆိုင်ဆွေးနွေးပွဲက ဘာမှအလားလာရှိမယ်လို့ မထင်ဘူး။ လွတ်တော်မှာ အရေးကြီး အဆိုပြန်တင်သွင်းသင့်တယ်” ဟု ပြောသည်။

ရန်ကုန်အနောက်ပိုင်းတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာခိုင်မြဲကလည်း  “ကျောင်းသားအားလုံးကို တံခါးဖွင့်ထားပြီးသားပါ။ သူတို့ဖြစ်ချင်တာကို လုပ်ပေးနိုင်ဖို့အတွက် ဥပဒေတွေမှာ ဆက်ရေးလို့ရတယ်” ဟု ပြောသည်။

ယင်းကဲ့သို့ တွေ့ဆုံ ညှိနှိုင်းရေးသည် ပြဿနာများကို အဖြေရှာရန် အကောင်းဆုံး အခြေအနေ တစ်ခုကို ဖန်တီးခြင်းပင် ဖြစ်သည်ဟုလည်း  အမျိုးသားဒီမိုကရေစီပါတီသစ် သင်္ဃန်းကျွန်းမဲဆန္ဒနယ်မှ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွှန့်က ပြောသည်။

အတည်ပြု ပြဌာန်းလိုက်သည့် အမျိုးသား ပညာရေး ဥပဒေကို ကန့်ကွက်ဆန္ဒပြသည့် တက္ကသိုလ် ကျောင်းသား များ၏ သပိတ်မှောက် ဆန္ဒပြပွဲကို နိုဝင်ဘာ ၁၄ ရက်က စတင်လိုက်ပြီး လေးရက်မြောက်သည့် နို၀င်ဘာ ၁၇ ရက် ရပ်ဆိုင်းလိုက်ကာ ရက်ပေါင်း (၆၀) အတွင်း အစိုးရနှင့် တာဝန်ရှိသူများအနေဖြင့် သပိတ် မှောက် ကျောင်း သားထုကို လာရောက်စေ့စပ်ညှိနှိုင်းခြင်း မပြုလုပ်ပါက ပိုမိုကြီးမားသည့် တိုက်ပွဲဝင်သွားမည်ဟု  ကျောင်း သားများက ကြေညာချက် ထုတ်ပြန်ထားသည်။