ပြည်နယ်များ အမည်ကို မြို့များ အမည်ဖြင့် ပြောင်းလဲရန်် လွှတ်တော်အတွင်း ဦးအောင်သောင်း၏ အကြံပြု ချက်သည် တိုင်းရင်းသား အကြား အမြင် မတူ စေမှုများပြား လာနိုင်စေပြီး စိတ်ဝမ်းကွဲမှုလည်း ပိုမိုဖြစ်စေ နိုင်ကြောင်း သျှမ်းပါတီ များက ပြောသည်။
ပြည်နယ် ရ ခု၏အမည်ကို လက်ရှိလူမျိုးစုနာမည်အစား မြို့တော်များ၏ အမည်အဖြင့် ပြောင်းလဲရန် နိုဝင်ဘာ ၁၇ ရက် ပြည်ထောင်စုလွှတ်တော်၌ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သောင်းက အကြံပြုချက်တင်သွင်းလိုက်ခြင်းဖြစ်သည်။
“တိုင်းရင်းသားတွေကြားထဲမှာပိုပြီးသွေးဝမ်းကွဲတာဖြစ်မယ်။ အမြင်မတူတာတွေဖြစ်လာမယ်။ စိတ် ဝမ်းကွဲမှုတွေ ပိုမိုကြီးထွားလာစေတဲ့ အတွက်ကြောင့် တိုင်းရင်းသားစည်းလုံးညီမှုကို ထိခိုက်စေ နိုင်တဲ့ အတွက် မတင်သင့်ဘူးလို့ ကျနော့်အနေနဲ့ ယူဆတယ်” ဟု သျှမ်းတို်င်းရင်းသားများ ဒီမိုကရက်တစ် ပါတီ (SNDP) ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် စိုင်းသီဟကျော်က ပြောသည်။
လက်ရှိဖြစ်ပေါ်နေသော နိုင်ငံရေးပြဿနာသည် တိုင်းရင်းသားလူမျိုးနာမည်တွေကြောင့် ဖြစ်သည့် ပြဿနာမဟုတ် သည့်အတွက် လတ်တလောအခြေအနေမှာ နာမည်ပြဿနာထက် ပြည်နယ်နှင့်တိုင်း ခွဲခြားထားသည့် ကိစ္စကို ပြောသင့်ကြောင်း ဦးအောင်သောင်း၏ အကြံပြုချက်ကို လွှတ်တော်တွင် ကန့်ကွက်ထားသည့် စိုင်းသီဟကျော်ကဆိုသည်။
သျှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် (SNLD) အထွေထွေအတွင်းရေးမှုးဦးစိုင်းညွန့်လွင်က “ သူ့ သမိုင်းနဲ့သူလာတယ်။ ဒေသတွေကသျှမ်းဆိုလည်းသျှမ်း ၊ကချင်ဆိုလည်းကချင်ပေါ့။ ပြည်ထောင်စု ပေါင်း တုန်းကလဲ သျှမ်းပြည်နယ်ပေါင်းခဲ့တာပဲ။ အခုကျမှ ဒါတွေကိုဖျောက်ဖျက်ပစ်လို့မရဘူးလေ ပြဿနာတွေ အများကြီးဖြစ်ကုန်မှာပေါ့ ” ဟု ပြောသည်။
ဖွဲ့စည်းပုံအခြေခံဥပဒေအခန်း(၂) နိုင်ငံတော်ဖွဲ့စည်းတည်ဆောက်ပုံ၊ ပုဒ်မ ၄၉ တွင်ပါရှိသော ပြည် နယ် ရ ခု ၊တိုင်း ရ ခုနှင့်ပြည်ထောင်စုနယ်မြေများကို ပိုင်ခြားသတ်မှတ်ခြင်း တွင် ဦးအောင်သောင်း က ပြည်နယ်ခုနစ်ကို လူမျိုးစုအမည်အစားမြို့တော်အမည်များဖြင့်ပြောင်းလဲရန် အကြံပြုထားကြောင်း အောက်တိုဘာ ၂၂ ရက် ပြည်ထောင်စုလွှတ်တော်သို့ တင်ပြသည့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး အကောင်အထည်ဖော်မှု ကော်မတီ၏ အစီရင်ခံစာပါရှိသည်ဟု 7 day နေ့စဉ် သတင်းစာတွင် ဖော်ပြထား သည်။
“ဖွဲ့စည်းပုုံကိုပြင်ပြီးမှ ဖြစ်မှာပါ ဖွဲ့စည်းပုံမပြင်ဘဲနဲ့ ဒီကိစ္စကိုလုပ်လို့မရပါဘူး။ ဖွဲ့စည်းပုံထဲမှာလဲ ပါပြီး သား။ ဒေသတွေရဲ့ နာမည်ပြောင်းမယ်ဆိုရင် ပြည်သူတွေရဲ့ ဆန္ဒကိုရယူမှသာ ပြင်ရမယ်ဆိုတဲ့ အချက်ပါပြီး သား။ ဒါပြင်နိုင်တယ် မပြင်နိုင်ဘူးဆိုတာ ပြည်သူတွေရဲ့ သဘောကိုယူသင့်တယ်” စိုင်းသီဟကျော်က ဆိုသည်။
၂၀၀၈ အခြေခံဥပဒေ၊ အခန်း ၁ ပုဒ်မ ၉ (ဂ) တွင် တိုင်းဒေသကြီးတစ်ခုခု၏အမည်ကိုဖြစ်စေ၊ ပြည်နယ်တစ် ခုခု၏အမည်ကိုဖြစ်စေပြောင်းလဲသတ်မှတ်လိုလျှင် သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အတွင်းနေ ထိုင်ကြသော နိုင်ငံသားများ၏ ဆန္ဒရယူပြီးဥပဒေပြဌာန်းခြင်းဖြင့် ပြောင်းလဲသတ်မှတ်ရမည်ဟုဖော်ပြထားသည်။