အိန္ဒိယ ပညာတော်သင်သွားသည့် ဆရာမများကို နည်းပညာ တက္ကသိုလ်တွင် ပြန်ခန့်မည်

အိန္ဒိယ ပညာတော်သင်သွားသည့် ဆရာမများကို နည်းပညာ တက္ကသိုလ်တွင် ပြန်ခန့်မည်
by -
မဇ္စျိမ

သိပ္ပံနှင့် နည်းပညာ ဝန်ကြီးဌာန လက်အောက်ရှိ နည်းပညာ တက္ကသိုလ်နှင့် ကွန်ပျူတာ တက္ကသိုလ်များ မှ ကျောင်းသား၊ ကျောင်းသူ ၂၅ ငါးဦးနှင့် ဆရာမ ငါးဦးကို ပညာတော်သင်စေလွှတ်ခဲ့ပြီး ပညာတော်သင် မှ ပြန်လာသည့် ဆရာမ ငါးဦးကို မန္တလေးတွင် အိန္ဒိယနှင့် ပူးပေါင်းဖွင့်လှစ်မည့် Myanmar Institute of Information Technology (MIIT) တွင် ပြန်လည်သင်ကြားပေးရန် ခန့်အပ် တာဝန်ပေး သွားမည်ဟု သိပ္ပံနှင့် နည်းပညာ ဝန်ကြီးဌာန၊ အဆင့်မြင့် သိပ္ပံနှင့် နည်းပညာ ဦးစီးဌာန ညွှန်ကြားရေးမှုးချုပ် ဦးကျော်စွာစိုးက ပြောသည်။

၂၀၁၄ ခုနှစ် မေလအတွင်းက အိန္ဒိယသို့ သတင်းအချက်အလက်နှင့် နည်းပညာဆိုင်ရာ ပညာတော် သင်စေလွှတ်ခဲ့ပြီး ခြောက်လ အကြာတွင် ပြန်လည်ရောက်ရှိလာခဲ့ခြင်းဖြစ်ကာ နို၀င်ဘာ ၁၈ ရက်က အိန္ဒိယသံရုံးတွင် တာဝန်ရှိသူများနှင့် တွေ့ဆုံမှုပြုလုပ်ခဲ့သည်။

ဦးကျော်စွာစိုးက “ခုပြန်လာတဲ့ ပညာတော်သင်တွေထဲက ဆရာမငါးဦးကိုတော့ အိန္ဒိယအစိုးရ အကူအညီနဲ့ ဖွင့်ဖို့ ပြင်ဆင်နေတဲ့ အဆင့်မြင့် သတင်းအချက်အလက် နည်းပညာ တက္ကသိုလ် ( MIIT)မှာ ပြန်လည် သင်ကြားပေးနိုင်ဖို့ ခန်အပ်သွားမယ်။ အခြားကျောင်းသား၊ ကျောင်းသူတွေကတော့ သူတို့စိတ်တိုင်းကျ အပြင်က နည်းပညာ ကုမ္ပဏီတွေမှာ အလုပ်လျှောက်ထား လုပ်ကိုင်နိုင်တယ်” ဟု ဆိုသည်။

အိန္ဒိယအစိုးရနှင့် မြန်မာအစိုးရ ပူးပေါငး်ဖွင့်လှစ်မည့် MITT ကျောင်းသည် နိုင်ငံတကာအဆင့် တက္ကသိုလ် သတင်းအချက်အလက်နှင့် နည်းပညာ တက္ကသိုလ်ဖြစ်လာနိုင်ပြီး  လက်ရှိတွင် မန္တလေးတွင် ကျောင်း အဆောက်အဦကို ဆောက်လုပ်လျက်ရှိသည်ဟုဆိုသည်။ ကျောင်းဆောင် အဆောက်အဦးကို မြန်မာနိုင်ငံ က ဆောက်လုပ်ရမည်ဖြစ်ကာ ကျောင်းစာသင်ခန်းများတွင် အသုံးပြုမည့် နည်းပညာ ပစ္စည်းများ၊ သင်ထောက်ကူ ပစ္စည်းများနှင့် ဆရာများကို အိန္ဒိယ နည်းပညာ တက္ကသိုလ်များမှ ဆရာဆရာမများက လာရောက်သင်ကြားမည် ဖြစ်သည်။

မြန်မာနို်င်ငံဆိုင်ရာ အိန္ဒိယသံရုံးအဖွဲ့ ဒုတိယအကြီးအကဲဖြစ်သူ Mr.Sailas Thangal က “မြန်မာနိုင်ငံကို နည်းပညာပိုင်း ဖွံ့ဖြိုးတိုးတက်အောင် ကူညီဆောင်ရွက်ပေးဖို့အတွက် အိန္ဒိယအစိုးရနဲ့ မြန်မာအစိုရတို့က ဒီအစီအစဉ်ကို လုပ်ဆောင်တာပါ။ သတင်းအချက်အလက်နဲ့ နည်းပညာ ဆိုတာ လူစွမ်းအားအရင်းအမြစ်ပါ။ ဒီနည်းပညာပိုင်းဆိုင်ရာမှာ ကျွမ်းကျင်တတ်မြောက်ပြီး ဖွံ့ဖြိုးလာတာနဲ့ နိုင်ငံတော်နဲ့ လူနေမှု အဆင့်အတန်းတွေ လည်း ဖွံ့ဖြိုးလာမှာပါ” ဟုနိုဝင်ဘာ ၁၈ ရက်တွင် အိန္ဒိယသံရုံးတွင်ပြုလုပ်သည့် ပညာတော်သင် ပြန် လည်ရောက်ရှိ သူများနှင့် တွေ့ဆုံရာတွင် ပြောကြားသည်။

ကျောင်းဆောင်ဆောက်လုပ်မှုကိုမူ ၂၀၁၅ခုနှစ် နှစ်ကုန်ပိုင်းမှသာ ပြီးစီးမည်ဖြစ်ပြီး အခြားတက္ကသိုလ်တွင် ယာယီသင်ကြားနိုင်ရန် စီစဉ်နေသည်ဟု သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန အဆင့်မြင့် သိပ္ပံနှင့် နည်းပညာ ဦးစီးဌာန ညွှန်ကြားရေးမှုးချုပ် ဦးကျော်စွာစိုးက ပြောသည်။

ဦးကျော်စွာစိုးက “ကျွန်တော်တို့ဘက်ကတော့ ကျောင်းစတင်ဖွင့် ပြီးသင်ကြားနိုင်ဖို့ ကျောင်းသားခေါ်ယူမယ့်အစီ အစဉ်က အစ အားလုံးအဆင်သင့် လုပ်ထားပြီးပြီ။ အိန္ဒိယနိုင်ငံဘက်က Plan မလာသေးဘူး။ ဒါ့ကြောင့် လာမယ့်ပညာသင်နှစ် ဖွင့်ဖြစ် မဖွင့်ဖြစ်ကို အတိအကျပြောလို့ မရသေးဘူး” ဟု ဆိုသည်။

MIIT တက္ကသိုလ်ဖွင့်လှစ်မည်ဆိုပါက ပထမနှစ်တွင် ကျောင်းသား ကျောင်း သူ ၆၀ ခန့်လက်ခံ သင်ကြားနိုင်ရန် စီစဉ်ထားသည်ဟု သိရပြီး အိန္ဒိယတ္ကသိုလ်မှ ဆရာဆရာမများက ပထမ ပညာသင်နှစ် ငါးနှစ်အထိ လာရောက်သင်ကြားပေးမည် ဖြစ်သည်။