အစိုးရတပ်ပစ်ခတ်သော လက်နက် ကြီးကြောင့် KIO ဗိုလ်လောင်း ၂၀ ပွဲချင်းပြီးသေ၊ အများအပြား ဒဏ်ရာရ

အစိုးရတပ်ပစ်ခတ်သော လက်နက် ကြီးကြောင့် KIO ဗိုလ်လောင်း ၂၀ ပွဲချင်းပြီးသေ၊ အများအပြား ဒဏ်ရာရ
by -
ကေအဲန်ဂျီ

ကချင်လွတ်မြေက်ရေးအဖွဲ့ KIO ဗဟိုဌာနချုပ် လိုင်ဇာသို့ ခရာတောင် (Hka Ya Bum) အခြေစိုက် အစိုးရ၏ ခမရ တပ်ရင်း ၃၈၉ တပ်မှ ပစ်ခတ်လိုက်သော ၁၀၅ မမ လက်နက်ကြီး ဗိုလ်လောင်းကျောင်းအတွင်း ကျရောက်ပေါက်ကွဲခဲ့သဖြင့် ဗိုလ်လောင်း ၂၀ ဦး ပွဲချင်းပြီး သေဆုံးခဲ့ကာ ၁၆ ဦး ဒဏ်ရာ ပြင်းပြင်းထန်ထန် ရရှိခဲ့သည်ဟု KIO ၏ ပြောရေးဆိုခွင့်ရှိသူ ဦးလာနန် က ပြောသည်။

နိုဝင်ဘာလ ၁၉ ရက် မွန်းလွဲ ၁၂ နာရီ ၃၆ မိနစ်တွင် လက်နက်ကြီးသည် အခြေခံ စစ်ရေးပြ လေ့ကျင့်နေချိန်တွင် ကျရောက်ခဲ့သဖြင့် အထိအခိုက် များပြားခဲ့ခြင်း ဖြစ်သည်။

KIA-officer-training-school-students

“အစိုးရ ခမရ ၃၈၉ ကနေ ကျနော်တို့ရဲ့ ဗိုလ်လောင်းသင်တန်းရှိရာကို သေချာချိန်ပြီးတော့ ၁၀၅ မမနဲ့ ပစ်ခတ် လိုက်တယ်။ အဲဒီအချိန်မှာ အစုတစည်းဖြစ်နေတာကလည်း နေ့လည်ပိုင်းမှာ ဗိုလ်လောင်းတွေက အခြေခံ စစ်ရေးပြ လေ့ကျင့်နေတဲ့ အချိန်မှာ စစ်ရေးပြကွင်းမှာ လာထိမှန်တဲ့အတွက်ကြောင့် အထိအခိုက်များသွားတယ် လို့ ပြောလို့ ရတယ်” ဟု ဦးလာနန် က ပြောသည်။

ယနေ့ သေဆုံးသွားသော ဗိုလ်လောင်းများသည် အသက် ၁၈ နှစ်မှ ၂၁ နှစ် ပတ်ဝန်းကျင်ရှိ လူငယ်များဖြစ်ပြီး မနက်ဖြန်တွင် KIO တပ်မဟာအားလုံးတွင် ဝမ်းနည်းခြင်းအထိန်းအမှတ်နေ့အဖြစ် သတ်မှတ်၍ ဝမ်းနည်းခြင်း ၀တ်ပြုခြင်းပြုလုပ်သွားရန် ညွန်ကြားထားပြီး ဖြစ်ကြောင်း သူကပြောသည်။

နံနက် ၉ နာရီဝန်းကျင်က KIO ဗဟိုဌာနချုပ်မှ ၆ မိုင်အကွာအဝေးရှိ KIA တပ်ရင်း ၂၅၃ တပ်ဖွဲ့နှင့် အစိုးရ၏ ခမရ ၃၈၄တို့ နာရီဝက်ခန့်ကြာ တိုက်ပွဲ ဖြစ်ပွားခဲ့ပြီးနောက် ၁၂ နာရီ ၁၅ မိနစ်တွင် ဗန်းမော်မြို့နယ် ဂန်ဒေါင်ယန် (Gang Dau Yang) အခြေစိုက် အစိုးရ၏ ခမရ တပ်ရင်း ၃၉၀ မှ တိုက်ပွဲဖြစ်ပွားခဲ့သော နေရာသို့ ၁၀၅ မမ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သည်ဟု ဆိုသည်။

ထို့ပြင် ယနေ့ နံနက် ၄ နာရီဝန်းကျင်တွင် ကချင်ပြည်နယ် ဟိုပင်မြို့နယ် မိုင်းနောင်ဒေသ KIA ၏ တပ်မဟာ ၂ လက်အောက်ခံ တပ်ရင်း ၂၆ ၏ ရှေ့တန်းစခန်းကို အစိုးရ၏ ခလရ  တပ်ရင်း ၆ မှ ဝင်ရောက် တိုက်ခိုက်ခဲ့ သဖြင့် KIA ရဲဘော် တစ်ဦး ကျဆုံးခဲ့သလို၊ နံနက် ရ နာရီ ပတ်ဝန်းကျင်တွင် နမ္မတီးဒေသရှိ KIA တပ်မဟာ ၂ လက်အောက်ခံ တပ်ရင်း ၁၁ ရဲဘော် နှစ်ဦးကိုအစိုးရ စစ်တပ်က ခြံုခိုတိုက်ခိုက်ခဲ့သဖြင့် KIA ရဲဘော် တစ်ဦး ကျဆုံးခဲ့ရာ စုစုပေါင်း KIA တပ်သား နှစ်ဦး ကျဆုံးခဲ့သည်ဟု ဦးလာနန်က ပြောသည်။

မြန်မာအစိုးရက ငြိမ်းချမ်းရေး လုပ်ဆောင်နေသည်ဟု ပြောဆိုနေသော်လည်း လက်တွေ့တွင် စစ်ရေးအရ ဖြေရှင်းနေသဖြင့် လက်ရှိ အစိုးရ အပေါ် အယုံအကြည် ရှိ၊ မရှိအဖြေထွက်လာလိမ့်မည်ဟု ဦးလာနန်က သုံးသပ်လိုက်သည်။

“အရင်ကတည်းက ရှိပြီးသား ရည်မှန်းချက်ကို အကောင်အထည်ဖော်တာပါ၊ အစိုးရက ငြိမ်းချမ်းရေးသွားနေပေမဲ့ လက်တွေ့မှာ ညှိနှိုင်း ဖြေရှင်းရေးကို အဓိကမထားဘဲ။ အမြစ်ပြတ်ချေမှုန်းရေးကို သွားနေပါတယ် ဆိုတာကို မီးမောင်းထိုး ပြတာပါ။ ကျန်တဲ့ တိုင်းရင်းသားအဖွဲ့ကိုလည်း ဒီပုံစံဘဲ သွားမှာပါ” ဟု သူက ပြောသည်။

မွန်းလွဲပိုင်းတွင်လည်း လဂျားယန် (Laja Yang) ၏တောင်ဘက် ဖုန်းပင်ဘွမ်ဘက်မှ အစိုးရ စစ်တပ်ဖွဲ့များ KIA ရှေ့တန်းစခန်းရှိရာ လိုင်ဇာဘက်သို့ ထိုးစစ်ဆင်လာသည်ဟု သတင်းရရှိကြောင်း သူကဆိုသည်။

ယနေ့ ပစ်ခတ်မှုနှင့် ပတ်သက်၍ ပြည်ထောင်စု ငြိမ်းချမ်းရေးလုပ်ငန်း ဖော်ဆောင်ရေးကော်မတီ ဒုဥက္ကဌ ဦးအောင်မင်း၊ ကချင်ပြည်နယ် အစိုးရအဖွဲ့၊ ပဋိပက္ခ ညှိနှိုင်းရေးအဖွဲ့နှင့်ငြိမ်းချမ်းရေးဆွေးနွေးမှုတွင် ပါဝင်ခဲ့သော ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မစ္စတာ နမ်ဘီယာ၊ မစ္စ မာရီယန်၊  တရုတ်နိုင်ငံ သံသမန်ထံသို့ အကြောင်းကြားထားပြီး ဖြစ်ကြောင်း သူကပြောသည်။

ထိုပစ်ခတ်မှုနှင့် ပတ်သက်၍ ကချင်ပြည်နယ် အစိုးရရုံးသို့ မေးမြန်းခဲ့ရာ ပစ်ခတ်မှုနှင့် ပတ်သက်၍ သိရသော်လည်း အသေးစိတ် မသိသေးကြောင်း တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ယခုကဲ့သို့ အစိုးရဘက်မှ ပစ်ခတ်လာသဖြင့် ငြိမ်းချမ်းရေး ဆွေးနွေးမှုများ ဖြစ်လာနိုင်မည် မဟုတ်ကြောင်း ကချင်ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့မှ ဦးလမိုင်ဂွမ်ဂျာ က KNG ကချင်သတင်းဌာန ကိုပြောသည်။

“လက်နက်ကြီး ၁၀၅ မမနဲ့ ပစ်တယ်။ မှန်ပြောင်းနဲ့ ကြည့်ပြီး ပစ်တယ်။ ခရာတောင်ကနေအားလုံး မြင်ရတော့ လူစုနေတဲ့နေရာမှာ တမင်ကို ချိန်ပြီး ပစ်လိုက်တာ” ဟု သူက ပြောသည်။ လက်ရှိ ခရာတောင်တွင် အစိုးရ၏ စစ်အင်အား ၄၀၀ ကျော်ရှိနေသည်ဟု KIA ၏ ရှေ့တန်းစခန်းမှ သတင်းရရှိသည်။

လက်ရှိ ဒဏ်ရာရသူ ၁၆ ယောက်ကို လိုင်ဇာဆေးရုံတွင် ဆေးကုသမှုခံယူနေပြီး ထိုအထဲမှ တစ်ဦးမှာ ဆေးရုံသို့ ပို့နေချိန် ထပ်မံ သေဆုံးခဲ့သဖြင့် စုစုပေါင်း ၂၁ ဦးသေဆုံးသွားပြီဖြစ်ကြောင်း သူက ပြောသည်။

နိုဝင်ဘာလ ၁၆ နှင့် ၁၇ ရက်များတွင်လည်း ဗန်းမော်ခရိုင် မန်စီမြို့နယ်အတွင်း KIA ၏ တပ်မဟာ ၃ လက်အောက်ခံ တပ်ရင်း ၁၂ နှင့် ၂၇ တို့နှင့် အစိုးရ စစ်တပ်တို့ တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး KIA ဘက်မှ တစ်ဦး ကျဆုံးခဲ့သည်။

Most read this week