ရန်ကုန်မြို့သစ်စီမံကိန်း ပြန်စရန် တိုင်းလွှတ်တော်တွင် ပြည်ခိုင်ဖြိုး အဆိုတင်မည်

ရန်ကုန်မြို့သစ်စီမံကိန်း ပြန်စရန် တိုင်းလွှတ်တော်တွင် ပြည်ခိုင်ဖြိုး အဆိုတင်မည်
by -
မဇ္စျိမ

ဝေဖန်မှုများကြောင့် ရပ်ဆိုင်းခဲ့သည့် ရန်ကုန်မြို့သစ်စီမံကိန်းကို ပြန်အကောင်အထည်ဖော်ရန် ဒီဇင်ဘာတွင် ကျင်းပမည့် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်တွင် အဆိုတင်သွင်းမည်ဟု တွံတေးမဲဆန္ဒနယ် ၁ မှ ပြည်ခိုင်ဖြိုးလွှတ်တော်အမတ် ဒေါက်တာ သိန်းဇော်မြင့်က နိုဝင်ဘာ ၁၈ ရက်တွင် မဇ္စျိမကိုပြောသည်။

ရန်ကုန်မြို့သစ်စီမံကိန်းကို ပြန်လည်အကောင်အထည်ဖော် တည်ဆောက်ရန် လျာထားခဲ့သည့် စီမံကိန်း နယ်မြေအတွင်းမှ ဒေသခံများက ဆန္ဒပြ တောင်းဆိုမှုများ ရှိလာသည့်အပြင် စီမံကိန်းသည် ဒေသဖွံ့ဖြိုးရေးကို အကျိုးရှိ စေမည်ဖြစ်သောကြောင့် အဆိုတင်သွင်းရန် စီစဉ်နေခြင်းဖြစ်သည်ဟု ၎င်းကဆိုသည်။

ရန်ကုန်မြို့သစ် စီမံကိန်း လုပ်ဆောင်ရန်အတွက် ကြိုဆိုကြောင်း ဒေသခံပြည်သူများမှ ဆန္ဒထုတ်ဖော်ခြင်းကို မြို့သစ်စီမံကိန်းနယ်မြေ လှိုင်သာယာ-တွံတေးကားလမ်းမတွင် နိုဝင်ဘာလ ၁၆ ရက် နံနက်ပိုင်းက ပြုုလုပ်ကျင်းပစဉ်။ (ဓာတ်ပုံ - ဟိန်းထက်၊ မဇ္ဈိမ)

“စီမံကိန်းကို ပြန်လုပ်ဖို့ ဒေသခံတွေက တော်တော် မျှော်လင့်နေကြတယ်။ သူတို့ ဆန္ဒလက်မှတ်တွေ လည်း ကောက်နေကြတယ်။ ဒါတွေပါ တင်ပြသွားမှာပါ ”ဟု ဒေါက်တာ သိန်းဇော်မြင့်က ပြောသည်။

အဆိုတင်သွင်းရာတွင် ၎င်းအပြင် စီမံကိန်းတည်ဆောက်ရန် လျာထားခဲ့သည့် ဆိပ်ကြီးခနောင်တိုင်မြို့နယ် မဲဆန္ဒနယ်မှ ပြည်ခိုင်းဖြိုး အမတ် ဦးမင်းသိမ်းနှင့် ကြည့်မြင်တိုင်မြို့နယ် ပြည်ခိုင်ဖြိုး အမတ် ဒေါ်ကြည်ကြည်မြင့် တို့က တင်သွင်းသွားမည်ဟုဆိုသည်။

သို့သော် ဆိပ်ကြီးခနောင်တိုင်မြို့နယ် မဲဆန္ဒနယ်မှ ဦးမင်းသိမ်းနှင့် ကြည့်မြင်တိုင်မြို့နယ် လွှတ်တော် အမတ် ဒေါ်ကြည်ကြည်မြင့် တို့ကို မဇ္စျိမက ဆက်သွယ်မေးမြန်းခဲ့သော်လည်း ဖုန်းပိတ်ထားသဖြင့် မေးမြန်းခွင့် မရခဲ့ပေ။

အဆိုပါ ရန်ကုန်မြို့သစ်စီမံကိန်းကို ပြန်လည်အကောင်အထည်ဖော်ပေးရန် ရန်ကုန်တိုင်းဒေသကြီး လှိုင်မြစ်နှင့် တွံတေးတူးမြောင်းကြား တွံတေးမြို့နယ်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်နှင့် ကြည်မြင်တိုင်မြို့နယ်အတွင်း ရှိ ကျေးရွာပေါင်း ၂၀ ကျော်မှ ဒေသခံ နှစ်ထောင်ကျော်က နိုဝင်ဘာ ၁၆ ရက် ဆန္ဒဖော်ထုတ်ကာ တောင်းဆိုခဲ့ကြ သည်။

ထို့ပြင် စီမံကိန်းကိုအကောင်အထည်ဖော်ပေးရန် ဒေသခံများ၏ ဆန္ဒလက်မှတ်များ ကောက် ယူနေပြီး နိုဝင်ဘာလကုန်တွင် ရန်ကုန်တိုင်းအစိုးရနှင့် လွှတ်တော်ဥက္ကဋ္ဌများထံသို့ ပေးပို့ ကာ တောင်းဆိုသွား မည်ဟု စီမံကိန်းပြန်လည်အကောင်အထည်ဖော်ရေးကော်မတီ ဥက္ကဋ္ဌ ဦးခင်မောင်ရင်က မဇ္စျိမကိုပြောသည်။

ထိုသို့ လက်မှတ်များကောက်ခံရာတွင် စီမံကိန်းလုပ်ရန် လျာထားခဲ့သော နယ်မြေတွင် ပါ၀င်ခြင်းမရှိသည့် အခြား ကျေးရွာမှ ထောက်ခံလက်မှတ် ၃၀၀၀ နီးပါးရရှိထားသည်ဟုဆိုသည်။

အဆိုပါ စီမံကိန်းကို တိုင်းအစိုးရအဖွဲ့၏ အရေးပေါ် အစည်းအဝေး ဆုံးဖြတ်ချက်အပြီး စိစစ်ရန်ရှိသေး၍ ဆိုင်းငံ့လိုက်ကြောင်း စက်တင်ဘာ ၂၆ရက်တွင် ရန်ကုန်တိုင်းလွှတ်တော်၌ ရန်ကုန်မြို့တော်ဝန်က ကြေညာ ခဲ့ခြင်း ဖြစ်သည်။

သို့သော် ယင်းစီမံကိန်းအား အပြီးဖျက်သိမ်းခြင်းလား ခေတ္တဆိုင်းငံ့ခြင်းဆိုသည်ကို အတိအလင်း ကြေညာ ခဲ့ခြင်းမပြုခဲ့ပေ။

ရန်ကုန်မြို့သစ်စီမံကိန်းကို မြေဧက ၃၀,၀၀၀ ပေါ်တွင် တည်ဆောက်မည်ဖြစ်ကာ ကျပ်ဘီလီယံ ရ၀၀၀ နှင့် အမေရိကန်ဒေါ်လာ ရှစ်ဘီလီယံ ရင်းနှီးမြှုပ်နှံမည်ဟု ကနဦးကြေငြာခဲ့သည်။