တပ်က ပိုင်နက်ကျူးလွန်မှုဖြင့် တရားစွဲထားသည့် တောင်သူများကို ရုံးထုတ်မည်

တပ်က ပိုင်နက်ကျူးလွန်မှုဖြင့် တရားစွဲထားသည့် တောင်သူများကို ရုံးထုတ်မည်
by -
မဇ္စျိမ

ကယားပြည်နယ် ဖရူးဆိုးမြို့နယ် ဆိုလျားကူးကျေးရွာက ခြေမြန်တပ်ရင်း ခမရ (၅၃၁) စစ်တပ်မှ ပိုင်နက်ကျူးလွန်မှု ပုဒ်မ (၄၄၇) ဖြင့် တရားစွဲဆိုထားသည့် တောင်သူလေးဦးနှင့် လောဂျာရွာမှ တောင်သူ တစ်ဦးကို နိုဝင်ဘာလ ၂၀ ရက်နေ့တွင် ရုံးထုတ်စစ်ဆေးမည်ဟု အမှုလိုက်ပါဆောင်ရွက်နေသည့် အထက်တန်းရှေ့နေ မနန်းသက်သက်ဝေက မဇ္စျိမကိုပြောသည်။

အထက်တန်းရှေ့နေ မနန်းသက်သက်ဝေက “ တရားလိုပြ သက်သေတစ်ဦးကို စစ်ဆေးလိမ့်မယ်ထင်ပါတယ်။ တရားခံပြသက်သေအနေနဲ့ ဘယ်နှဦး ထွက်ဆိုမယ် ဆိုတာကတော့ အခြေအနေအရပါ” ဟု ပြောသည်။

ခမရ (၅၃၁) ခြေမြန်တပ်ရင်းမှ လယ်သမား ၁၀၉ ယောက်ပိုင်ဆိုင်သော လယ် ၁၂၈၉ ဧကကို သိမ်းယူထား၍ လယ်သမားများက ထွန်တုံးတိုက်ပွဲဝင်သည်ကို ပိုင်နက်ကျူးလွန်မှုဖြင့် စစ်တပ်က ဖရူးဆိုးမြို့နယ် တရားရုံးတွင် တရားလိုပြု တိုင်တန်းခဲ့ခြင်း ဖြစ်သည်ဟု လယ်သမားများက ပြောသည်။

တရားစွဲဆိုခံရသည့် တောင်သူတစ်ဦးဖြစ်သူ ဦးတူရယ်က “ဒေသခံပြည်သူတောင်သူ လယ်သမားရဲ့ အခွင့်အရေးကို အာမခံချက်ပေးနိုင်တဲ့ ဥပဒေတစ်ခုကို ပြဋ္ဌာန်းဖို့လိုနေပြီလို့ ကျွန်တော့်အနေနဲ့ ပြောချင်တယ်” ဟု ပြောသည်။

သိမ်းဆည်းခံခဲ့ရသည့် လယ်ယာမြေပေါ်တွင် မေလ ၂၇ ရက်က  လူအင်အား ၃၀၀ ခန့်ဖြင့် ထွန်တုံးတိုက်ပွဲ ဝင်ခဲ့သည့်အတွက် သက်ဆိုင်ရာအာဏာပိုင် အဖွဲ့အစည်းများမှ ခိုးလျေဆိုတောင်သူလယ်သမား ကော်မတီ ဥက္ကဋ္ဌ ဖြစ်သည့် ဦးသဲရယ်နှင့် ဆိုလျားကူး တောင်သူလယ်သမားဖြစ်သည့် ဦးတူရယ်၊ ဦးရှားရယ်၊ ဦးမီရယ်နှင့် ဦးချူရယ် တို့ကို ပိုင်နက်ကျူးလွန်မှုနှင့် တရားစွဲဆိုခံခဲ့ရခြင်းဖြစ်သည်။

တောင်သူများက ဘိုးဘွားပိုင်လယ်မြေပြန်လည်ရရှိရေး အမြန်ဆုံး ဖြေရှင်းပေးရန် မေ ၂၀ ရက် ရက်စွဲဖြင့် သက်ဆိုင်ရာဌာနများသို့ အကူအညီတောင်းခံစာများ ပေးပို့ခြင်း၊ မေ၂၅ ရက်တွင် လူဦးရေ ၄၀၀ ခန့်ဖြင့် လယ်ယာမြေများပြန်လည်ရရှိရန် ဘာသာရေးအရ ၀တ်ပြုဆုတောင်းမှုပြုလုပ်ခြင်း၊ မေလ ၂၇ ရက်က လူအင်အား ၃၀၀ ခန့်ဖြင့် ထွန်တုံးတိုက်ပွဲဝင်ခြင်းတို့ ပြုလုပ်ခဲ့ကြောင်း အမှုဖွင့်ခံထားရသည့် ခိုးလျေဆို တောင် သူ လယ်သမားကော်မတီ ဥက္ကဋ္ဌ ဦးသဲ ရယ်က ပြောသည်။

 အဆိုပါ လယ်ယာမြေကို ၁၉၉၂ခုနှစ်က သိမ်းယူခံခဲ့ရခြင်းဖြစ်ပြီး ယခင်က သီးစားခပေးကာလုပ်ကိုင်ခဲ့သော် လည်း ၂၀၁၂-၂၀၁၃ ခုနှစ်တွင် ခမရ(၅၃၁)တပ်မှ သီးစားခ ကင်းလွတ်ခွင့်ဖြင့် လုပ်ကိုင်ခွင့်ပြုခဲ့ပြီး ၂၀၁၃-၂၀၁၄ ခုနှစ်တွင် လယ်ယာမြေ ဆက်လက်လုပ်ကိုင်လိုပါက တပ်ပိုင်မြေတွင် လယ်ယာမြေလာရောက် လုပ်ကိုင်ခြင်းဖြစ်ပါသည်ဟူသော စာချုပ်ကို လက်မှတ်ထိုးမှသာ လုပ်ကိုင်ခွင့်ပြုမည်ဟု ကန့်သတ်ခဲ့သဖြင့် ထွန်တုံးတိုက်ပွဲကို ဆင်နွဲရခြင်းဖြစ်သည်ဟု တောင်သူများကဆိုသည်။