ဘန်ကီမွန်းကို ကန့်ကွက်ရန် ရခိုင်လူမူအဖွဲ့အစည်းများ ရန်ကုန်တွင် စည်းဝေးမည်

ဘန်ကီမွန်းကို ကန့်ကွက်ရန် ရခိုင်လူမူအဖွဲ့အစည်းများ ရန်ကုန်တွင် စည်းဝေးမည်
by -
နိရဥ္စရာ

ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းမှ မြန်မာနိုင်ငံခရီးစဉ်အတွင်း ရခိုင်ပြည်နယ်တွင် နေထိုင်သော ဘင်္ဂလီလူမျိုးများအား ရိုဟင်ဂျာဟု ခေါ်ဝေါ်သုံးစွဲသွားခြင်း အပေါ် စုပေါင်းကန့်ကွက်နိုင်ရေးအတွက် ရခိုင်အမျိုးသားများက နိုဝင်ဘာလ ၁၆ ရက်နေ့တွင် ရန်ကုန်မြို့တွင် အစည်းအဝေး တစ်ရပ်ပြုလုပ်သွားမည်ဟု သိရသည်။

ယင်းအစည်းအဝေး ဖြစ်မြောက်ရေးအတွက် ဦးဆောင်ကြိုးပမ်းနေသူ ဦးဖေသိန်းက ရခိုင်လူအဖွဲ့အစည်းများ ကိုယ်စား နိရဥ္စရာသို့ ယခုလို ပြောဆိုသည်။

arakan-flag

“ အခု နေပြည်တော်မှာလည်း ရခိုင်လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ တိုင်းရင်းသား လွှတ်တော်ကိုယ်စား လှယ်တွေက ကျေညာချက် တစ်စောင် ထုတ်ပြန်မယ်လို့ စီစဉ်နေတယ်လို့ ဒေါ်ခင်စောဝေက ခုနကဘဲ ဖုံးဆက် ပြောကြားသွားပါတယ်။ အလားတူ စစ်တွေမှာလည်း လူမူ အဖွဲ့အစည်းတွေက အစည်းအဝေးထိုင်ပြီး ဘန်ကီမွန်းပြောစကား အပေါ် ကန့်ကွက်သွားဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။ ကျွန်တော်တို့လည်း ရန်ကုန်မှာ ရခိုင်လူမူ အဖွဲ့အစည်းတွေကို ဖိတ်ခေါ်ပြီး စုပေါင်းကန့်ကွက်သွားဖို့ စီစဉ်နေပါတယ်” ဟု သူက ပြောသည်။

ယခုကဲ့သို့ ကန့်ကွက်ရန် စီစဉ်ခြင်းမှာ ကုလသမဂ္ဂအတွင်းရေးမှူး တစ်ဦးအနေဖြင့် ၎င်းနှင့်ထိုက်တန်သော စကားကို မပြောဘဲ အိုအိုင်စီ ကိုယ်စားလှယ်တစ်ဦးပမာ ပြောဆိုသွားခြင်းကြောင်း ကန့်ကွက်သွားမည်ဟု သူက ပြောဆိုသည်။

“ သူက ကုလသမဂ္ဂအတွင်းရေးမှူးလေ။ ဘက်မလိုက်ဘဲ ရပ်တည်ရမယ်။ သမာသမတ်စကားကို ပြောရမယ်။ အခုက အိုအိုင်စီ ကိုယ်စားလှယ်တွေလို ပြောသွားတယ်။ ကျွန်တော်ကတော့ အိုအိုင်စီက ပြောခိုင်းတဲ့ အတွက် ခုလို လာပြောတယ်လို့ ယူဆတယ်။ ဒီအတွက် ပြင်းပြင်းထန်ထန်ကို ကန့်ကွက်သွားမှာ ဖြစ်ပါတယ်” ဟု ဆက်ဆိုသည်။

နိုင်ငံတော် အစိုးရ၊ ရခိုင်ပြည်နယ် ၀န်ကြီးချုပ်နှင့် ရခိုင်ပြည်နယ် အစိုးရ၊  ရခိုင်အမျိုးသားခေါင်းဆောင်များက ရခိုင်ပြည်နယ် ပြသနာ ပြေလည်ရေးနှင့် တည်ငြိမ်ရေး အတွက် ကြိုးပမ်းနေချိန်တွင် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်စကားကြောင့် မတည်ငြိမ်မှုများ ပြန်ဖြစ်မည်ကို စိုးရိမ်ကြောင်း ဦးဖေသိန်းက ဆိုသည်။

ရန်ကုန်တွင် ပြုလုပ်မည့် အစည်းအဝေးသို့ ရခိုင်လူမူအဖွဲ့ပေါင်းစုံမှ ကိုယ်စားလှယ်များ စုံညီစွာ တက်ရောက်ကြမည် ဖြစ်ကြောင်း သိရသည်။

Most read this week