ဗဟိုအစိုးရ၏ အာဏာချုပ်ကိုင်မှု များနေခြင်းကြောင့် ပြည်နယ်အစိုးရနှင့် ပြည်နယ်လွှတ်တော်များတွင် လုပ်ငန်းများ ဆောင်ရွက်ရန် ကြန့်ကြာမှုများ ရှိနေပြီး၊ လွှတ်တော်အတွင်း၌လည်း လွှတ်တော် ကိုယ်စားလှယ်များ ဆွေးနွေးတင်ပြရာတွင်၊ အဟန့်အတားများ ရှိနေကြောင်း ဝေဖန်မှုများ ရှိနေသည်ဖြစ်ရာ၊ ယင်းဝေဖန်မှုများ နှင့် ပက်သက်၍ ကယားပြည်နယ်အခြေစိုက် ကယန်းအမျိုးသားပါတီမှ အထွေထွေ အတွင်းရေးမှူး ဦးနန်းရီ နှင့် တွေ့ဆုံ မေးမြန်းခဲ့သည်များကို ကောက်နှုတ် ဖော်ပြအပ်ပါသည်။
မေး။ ။ ပြည်နယ်အစိုးရတွေကို အာဏာနဲ့ လုပ်ပိုင်ခွင့်တွေ၊ ပြည်ထောင်စု အစိုးရကနေ ခွဲဝေပေးထားတယ် ဆိုတဲ့အပေါ်မှာ အမှန်တကယ် ခွဲဝေပေးသလား၊ ဗဟိုကထိန်းချုပ်တာ များနေသလား။ ဆရာတို့အနေနဲ့ ဘယ်လို မြင်ပါသလဲ။
ဖြေ။ ။ ပြည်ထောင်စု ပြောပေမယ့်လို့၊ တစ်ပြည်ထောင် ဗဟိုဦးစီးစနစ်ပဲ များနေတယ်။ ဒီဗဟိုကနေ ပြည်ထောင်စု အစိုးရကနေ ခွဲဝေပေးတဲ့ ဘတ်ဂျက်လောက်ပဲ လုပ်လို့ရတယ်။ သူတို့ကလည်း ငြီးတာပေါ့လေ။ ကျနော်တို့ဘာမှ လုပ်ပိုင်ခွင့်မရှိဘူး။ လုပ်ချင်တိုင်း လုပ်လို့မရဘူး ဆိုတာတွေ ကြားနေရပါတယ်။ ဒါ့အပြင် ဝန်ကြီးတို့ ဒုဝန်ကြီးတို့၊ ဥပမာ ပြည်ထဲရေး ဆိုရင်လည်း ဒါကတော့ သမ္မတရွေးတဲ့ဟာနဲ့ ပြည်သူတွေ ရွေးတဲ့ ဟာနဲ့ မတူဘူးပေါ့။ အဲဒါကလဲ ကျနော်တို့ပြောတာ ပြည်သူလူ ထု ရွေးချယ်တဲ့ အစိုးရဆိုတာ တကယ်တန်း ပြောရရင် အစိုးရရဲ့လုပ်ပိုင်ခွင့်၊ ပြည်သူလူထုရဲ့ လုပ်ပိုင်ခွင့် တစ်မတ်ဖိုးဘဲ ရှိပါတယ်။ ရ၅ ရာခိုင်နှုန်း ကြတော့ သူတို့လက်ထဲ မှာပဲရှိတယ်။
မေး။ ။ ဖယ်ဒရယ် ပြည်ထောင်စုစနစ်ကို သွားတယ်ဆိုရင် ပြည်နယ်ဝန်ကြီးချုပ်နဲ့ အစိုးရအဖွဲ့ကို လူထုက တိုက်ရိုက် မရွေးချယ် သင့်ဘူးလား။
ဖြေ ။ ။ ပြည်နယ်အစိုးရ တစ်ဖွဲ့လုံးကတော၊့ ပြည်နယ်က လူထုတွေက တိုက်ရိုက် ရွေးခြယ်သင့် တာပေါ့။ ပြည်သူက တိုက်ရိုက် ရွေးချယ်တဲ့သူမှပဲ ပြည်သူက သူ့ကိုအားကိုးလို့ရမယ်။ ပြည်သူရဲ့ ထိန်းချူပ်မှုအောက်မှာမှ ပိုပြီးလက်ခံနိုင်မှာပေါ့။
မေး။ ။ ဗဟိုထိန်းချူပ်မှု လျော့ချဖို့အတွက် ပြည်နယ်အစိုးရတွေကို အာဏာ ပိုပေးသင့်သလား။ ဘယ်လိုထင် ပါသလဲ။
ဖြေ။ ။ ဗဟိုထိန်းချူပ်မှုကို လျော့ချဖို့ဆိုတာက၊ ပြည်ထောင်စု အစိုးရက ဒီပြည်နယ်နဲ့တိုင်း အစိုးရတွေကို အာဏာ ခွဲဝေပေးဖို့တော့ လိုတာပေါ့။
မေး။ ။ ပြည်နယ်အဆင့်ကို ဒီလိုအာဏာ ခွဲဝေပေးလိုက်ရင် အဂတိလိုက်စားမှု ပိုများ မလာနိုင်ဘူးလား။ ဘယ်လိုထင်ပါသလဲ။
ဖြေ။ ။ ဗဟိုက အားလုံးချုပ်ကိုင်တာက ဒါဟာ အဂတိလိုက်စားမှု ပိုဖြစ်တယ်။ ဘာကြောင့်လဲ ဆိုတော့ အောက်ခြေအဆင့်ဆင့်က ဒီပြည်ထောင်စုအစိုးရနဲ့ အရမ်းဝေးတဲ့ခါကျတော့၊ သူတို့က လွယ်လွယ်နဲ့ အဂတိ လိုက်စားမှု ပိုလုပ်နိုင်တာပေါ့။ ဒီပြည်နယ်/တိုင်းကို တာဝန်ပေးလိုက်တဲ့ အခါကျတော၊့ ဒီပြည်နယ်/တိုင်းမှာ ဆောင်ရွက်ရမယ့် လုပ်ငန်းက သူက နည်းနည်းတာဝန်ခံပေးတဲ့အတွက် အဂတိ လိုက်စားမှုက ပိုနည်းစေမှာပေါ့။ ဒါပေမယ့် အဂတိလိုက်စားမှု မရှိအောင်တော့၊ ဥပဒေစိုးမိုးမှုကတော့ လိုတာပေါ့။ ဒါကတော့ ပြည်နယ်နှင့်တိုင်း အစိုးရက ဥပဒေစိုးမိုးဖို့တော့ လိုတာပေါ့။ တာဝန်ခံရမယ့် အစိုးရအဆင့်ဆင့်က တကယ် ဥပဒေအတိုင်း လုပ်နိုင် ဖို့လိုပါတယ်။ ပြည်ထောင်စုအစိုးရပဲ ချုပ်ကိုင်ချုပ်ကိုင်၊ ပြည်နယ်အစိုးရကပဲ ချုပ်ကိုင်ချုပ်ကိုင်၊ ဥပဒေစိုးမိုးမှု မရှိရင်တော့ အဂတိလိုက်စားမှုကတော့ ဖြစ်လာမှာပဲ။
မေး။ ။ ဗဟိုထိန်းချူပ်မှုကို ဘယ်လိုနည်းနဲ့ လျော့ချသင့်ပါသလဲ။
ဖြေ။ ။ သူတို့ပြောပြောနေတဲ့ ထိန်းချုပ်မှု နည်းနည်းလျော့မယ်။ ဥပမာ သူတို့နည်းနည်းပါးပါး အခွင့်အရေး ခွဲဝေပေးမယ်လို့ ပြောတာကတော့ ကြားရတာပေါ့လေ။ကျနော်တို့ တောင်းဆိုတာက၊ ကျနော်တို့ ဒီမိုကရေစီ စစ်စစ်နဲ့၊ ပြည်ထောင်စု စစ်စစ်နဲ့ပေါ့။ ၂၀၀၈ အခြေခံဥပဒေဆိုတာက ဗဟိုဦးစီးစနစ်နဲ့ ချုပ်ကိုင်တဲ့ အခြေခံဥပဒေ အဲဒါက ဒီမိုကရေစီ မဆန်ဘူးပေါ့။ ၂၀၀၈ အခြေခံဥပဒေက ဒီမိုကရေစီဆန်အောင် စနစ်တကျနဲ့ဖြစ်အောင် ပြင်ဆင်မှ၊ တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်ရမယ်။
မေး။ ။ ဒီလိုဆိုရင် ၂၀၀၈ အခြေခံဥပဒေကို ပြင်နိုင်ဖို့က ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်တွေ၊ အစိုးရ တွေမှာ၊ သူတို့ရဲ့ ပြည်နယ် လွှတ်တော်တွေမှာ အဆိုတင်သွင်းဖို့ အခွင့်အရေး မရှိဘူးလား။
ဖြေ။ ။ တကယ်တန်းကြတော့ စေတနာ ရှေ့တန်းတင်ပြီးတော့မှ၊ တိုင်းပြည်နဲ့ ပြည်သူလူထုက ရွေးချယ်တဲ့ အစိုးရဆိုရင် ပြောနိုင်ရမယ်၊ ဆိုနိုင်မှာပေါ့။ သူတုုိ့ ဘယ်လောက်ထိ ပြောနိုင်မပြောနိုင်လဲဆိုတာ အစိုးရ ကလည်း ကျနော်တို့နဲ့ သိပ်ပြီးတော့ ပါဝင်ပက်သက်မှုလည်း မရှိဘူးလေ။ သူတို့ဝန်ကြီးဖြစ်လာပြီ ဆိုကတည်းက ၂၀၀၈ ဥပဒေကို သူတို့ ကတိသစ္စာစောင့်သိဖို့ ဆိုထားတာ။ပြောမှပဲ ပြင်မှပဲ မှန်ကန်တဲ့ လမ်းကြောင်းကို ရောက်မှာပေါ့။ ဒါပေမယ့် သူတို့အထက်စကားကိုပဲ နားထောင်နေရတော့၊ သူတို့မှာ ပြောအားရှိမယ်လို့ သိပ်တော့ မထင်ဘူး။
မေး။ ။ အခုလက်ရှိ ပြည်သူတွေ ကြံုတွေ့နေရတဲ့ တပ်သိမ်းမြေမှု တွေမှာလည်း ပြည်နယ်လွှတ်တော် မှာ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်တွေက ဆောင်ရွက်ပေးတာတွေ မရှိသေးဘူးလို့ ကြားရတယ်။ အဲဒါတွေနဲ့ ပါတ်သက်တော့ ဘာတွေများ တိုက်တွန်း လိုပါသလဲ။
ဖြေ။ ။ ကယားပြည် အစိုးရနဲ့ ကယားပြည်နယ် လွှတ်တော်ဆိုတာက ကျနော်ကြည့်ရတာ တော်တော် လိုအပ်တဲ့ အနေအထားရှိပါတယ်။ ကယားပြည်နယ် လွှတ်တော်မှာ အားလုံးက ၁၂ ယောက်ပဲရှိတယ်လေ။ ဝန်ကြီးတွေက အစိုးရဖွဲ့ထားတာက ကိုးယောက် ပါသွားတာပေါ့။ သုံးယောက် ပဲကျန်တယ်။ တပ်ဘက်က တစ်မတ်ဖိုး ဆိုတဲ့ ဟာက လေးယောက်ရှိတယ်။ လွှတ်တော် အစည်းအဝေး လုပ်တာက မေးစရာရှိ ရင် မေးရမှာလေ။ အစိုးရ လုပ်တဲ့လူက ပြန်ပြီးတော့မှ ဖြေကြားရမှာလေ။ ကျနော်ထင်တာ လွှတ်တော်အမတ် က နည်းနည်းလေးပဲ ကျန်တယ်လေ။ ဥပမာ ပြည်နယ်လွှတ်တော် အမတ်ကို နည်းနည်းလေးတော့ တိုးပေးရမှာပေါ့။ လွှတ်တော်အမတ်က သုံးယောက်ပဲ ကျန်တယ်။လွှတ်တော် အစည်းအဝေးကို ဘယ်လိုကျင်းပမှာလဲ။
မေး။ ။ မြေယာကိစ္စတွေနဲ့ ပတ်သက်လို့ ကယားပြည်နယ်မှာ အဂတိလိုက်စားမှုတွေကို ဘယ်လိုမြင်လဲ။
ဖြေ။ ။ မြေယာပိုင်းနဲ့ ပတ်သက်လာရင်ဖြစ်စေ၊ တစ်ခြားလုပ်ငန်းဖြစ်စေ၊ အဂတိလိုက်စားမှုနဲ့ ပတ်သက်လို့ နည်းနည်းလောက်တော့ သက်သာရုံလေးလောက်တော့ ရှိတာပေါ့။ ဒါပေမယ့် အဂတိ လိုက်စားမှုကတော့ အများကြီး ရှိသေးတာပေါ့။ ပပျောက်ဖို့က ရာခိုင်နှုန်းက တော်တော်နည်းသေးတယ်။ ရ၅ ရာနှုန်းလောက် ကတော့ အဂတိလိုက်စားမှု ရှိနေအုံးမှာပဲ။ ဒါတွေကိုတော့ ထိန်းချုပ်ရအုံးမှာပေါ့။
မေး။ ။ ဒီလိုဆိုရင် ပြည်နယ်မှာလည်း ပြည်နယ်ရဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ လိုပါသလား။
ဖြေ။ ။ ပြည်နယ်လွှတ်တော် ရှိတာတော့ဟုတ်ပြီ။ အလုပ်လုပ်ဖို့ကတော့ ပြည်နယ်အခြေခံ ဥပဒေလည်း လိုတာပေါ့လေ။
မေး။ ။ အုပ်ချူပ်ရေး ၊ ဥပဒေပြုရေး ၊ တရားစီရင်ရေး၊ အာဏာသုံးရပ်မှာ အာဏာနှင့် တာဝန်ခွဲ ဝေပေးမှု အခြေအနေ ဘယ်လိုမြင်ပါသလဲ။
ဖြေ။ ။ အာဏာသုံးရပ် ဆိုတဲ့နေရာမှာ ဥပဒေပြုရေးနဲ့ တရားစီရင်ရေးမှာလည်း ပြည်ထောင်စုကို ကြည့်လိုက်ရင် ပြဌာန်းချက်နဲ့ အပြောကတော့ ရှိတာပေါ့လေ။ လက်တွေ့ကျကျ မရှိပါဘူး။ ကျနော်တို့ တရားစီရင်ရေးမှာလည်း အတူတူပဲ ဖြစ်ပါတယ်။ ကဏ္ဍသုံးခု၊ အာဏာသုံးခုက သီးခြား လွှတ်လွှတ်လပ်လပ်နဲ့ အာဏာ အပြည့်အဝ မရှိဘူး။ ထိုနည်းလည်းကောင်းပဲ ပြည်နယ်အစိုးရမှာလည်း ပြည့်ဝမှုမရှိဘူး ။ ပြည်နယ်အစိုးရက ဖယ်ဒရယ် ပြည်ထောင်စုလိုမျိုး သွားမယ်ဆိုရင် ပြည်နယ်အစိုးရမှာလည်း အာဏသုံးရပ် ရှိရမယ်။ အစိုးရရယ်၊ ဥပဒေပြုရေး ၊ တရားစီရင်ရေး ရယ်ရှိရမယ်။ ကျနော်တို့ အထူးသဖြင့် ကယားပြည်နယ် လွှတ်တော်မှာ တော်တော် အင်အားနည်းတဲ့ အခါကျတော့ ဘယ်လိုမှ သူတို့ ဥပဒေပြုရေးမှာ စိတ်ကူးမိမှာ မဟုတ်ဘူး။ ဥပဒေပြုရေးလည်း မရှိနိုင်ပါဘူး ။ တရားစီရင်ရေးကတော့ သီးခြားရှိတယ်။ ဒါပေမယ့် ချုပ်ကိုင်မှုများတော့ ဗဟိုအစိုးရမှာဘဲ အာဏာ များမယ်။ ပြည်နယ်အစိုးရမှာ သီးခြားလုပ်ပိုင်ခွင့်တော့ မရှိဘူးပေါ့။ ဒါတွေ့လည်း မတွေ့ရသေးပါဘူး။
ဦးနန်းရီသည် လက်ရှိတွင် ကယန်းအမျိုးသားပါတီ၏ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးဖြစ်ပြီး အထွေထွေအတွင်း ရေးမှူး တာဝန်ထန်းဆောင်နေသူဖြစ်သည်။
ကယန်းအမျိုးသားပါတီသည် ၂၀၁၀ ရွေးကောက်ပွဲတွင် ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ ကြိုတင်မဲများကြောင့် ရှုံးနိုမ့်ခဲ့ရသည့် ပါတီဖြစ်သည်။