စစ်တပ်က ပစ်ခတ်ဖမ်း ဆီးမှုကြောင့် သေဆုံး ခဲ့ရသည့် အလွတ် သတင်းထောက် ကိုအောင်ကျော်နိုင် (ခ)ကိုပါကြီး သေဆုံး မှုအတွက် တပ် မတော် ခုံရုံး အပါအဝင် တပ်ပိုင်းဆိုင်ရာ အရာရှိများကို ဒုတိယ အဆင့်အနေဖြင့် မော်လမြိုင်သို့ သွားရောက်စစ်ဆေးမည်ဟု အမျိုးသားလူ့ အခွင့်အရေးကော် မရှင် ဒုတိယ ဥက္ကဌ ဦးစစ်မြိုင်က နိုဝင်ဘာ ၁၃ ရက်တွင် မဇ္စျိမကိုပြောသည်။
နိုဝင်ဘာ ၁၄ ရက်မှစတင်မည့် ဒုတိယအဆင့်စစ်ဆေးမှုတွင် ကိုပါကြီး သေဆုံးမှုကို ခုံရုံးဖွဲ့ စစ်ဆေး နေသည့် တပ်မတော် ခုံရုံး အဖွဲ့ ဥက္ကဋ္ဌ အပါ အဝင် တပ်ပိုင်း ဆိုင်ရာအရာရှိများနှင့် ဒေသခံသတင်းထောက် တစ်ဦးဖြစ်သူ ကိုအောင်ပကိုပါ ခေါ်ယူစစ်ဆေးမည် ဖြစ်သည်။
ဦးစစ်မြိုင်က “ ဒီတစ်ခေါက်စစ်ပြီးရင် အလောင်းဆေးစစ်ချက်နဲ့ ရင်ခွဲဆေးစစ်ချက်ယူဖို့ပဲ ကျန်တော့မှာပါ။ ဆေး စစ်ချက်ကိုလည်း ကျန်းမာရေးဝန်ကြီး ဌာန ကနေ တောင်းထားတယ်။ ဒါတွေပြီးရင် သုံးသပ်ချက် အစီရင်ခံစာ ထွက်နိုင်ပါတယ် ”ဟု ပြောသည်။
ကော်မရှင်က ပထမဆင့်စစ်ဆေးပြီးစီးမှုတွင် ကိုပါကြီးကို သေနတ်ဖြင့် ပစ်သတ်ခဲ့သည့် ဒု-တပ်ကြပ် အပါအဝင် အမှုနှင့် အဓိကသက်ဆိုင်သည့် ၂၁၀ ခြေမြန် တပ်ရင်း၊ ခ.မ.ရ ၂ဝ၈၊ ခ.မ.ရ ၂ဝ၄၊ ခ.မ.ရ ၈၁ တို့အပြင် အလောင်းကို ရင်ခွဲစစ်ဆေးခဲ့သည့် မှုခင်းဆရာဝန်များ၊ ရဲတပ်ဖွဲ့ဝင်များ၊ ဒေသခံ သတင်းထောက် များနှင့် ဒေသခံများ စုစုပေါင်း လူဦးရေ ၃၀ ကျော်ကို ကော်မရှင်က စစ်ဆေးမေးမြန်းခဲ့သည်။
ယင်းအပြင် ကိုပါကြီးသေဆုံးမှုနှင့် ပတ်သက်ပြီး မွန်ပြည်နယ် မော်လမြိုင်မြို့ ကျိုက်မရောမြို့နယ် ရဲစခန်း တွင် သေမှု သေခင်း (ပ)၁၁/၂၀၁၄ ဖြင့် အမှုဖွင့်ထား ဆဲဖြစ်သည်။
လက်ရှိအချိန်တွင် ကိုပါကြီး အလောင်းဆေးစစ်ချက်ကို စောင့်နေပြီး ဆေးစစ်ချက် ထွက်လာပါက ရှေ့နေ ဦးရောဘတ်စန်းအောင်နှင့်တိုင်ပင်ကာ သေဆုံးမှုအ တွက် တရားရုံးတွင် တရားစွဲဆိုသွားမည်ဟု ဇနီးဖြစ်သူ မသန္တာက ပြောသည်။
ကိုပါကြီးကို DKBA အဖွဲ့၏ အဖွဲ့ငယ် KKO အဖွဲ့ဝင်ဖြစ်ပြီး တပ်မတော်မှ ထိန်းသိမ်းထားချိန်တွင် ကင်းစောင့်စစ်သည် ထံမှ သေနတ်ကိုလု ယူထွက်ပြေးသော ကြောင့် အခြားကင်းစောင့်စစ်သည်က ပစ်ခတ်သဖြင့် သေနတ် ဒဏ်ရာဖြင့် သေဆုံးခဲ့ပြီး မြေုမြုပ်သဂြိုဟ်ခဲ့သည်ဟု အောက်တိုဘာ ၂၃ ရက်နှင့် အောက်တို ဘာ ၃၁ ရက်တွင် တပ်မတော်က ကြေညာချက် ထုတ်ပြန်ခဲ့သည့်။
မွန်ပြည်နယ် မော်လမြိုင်မြို့ ကျိုက်မရောမြို့နယ် ရွေဝါချောင်ကျေးရွာအနီးတွင် မြုပ်နှံထားသည့် ကိုပါကြီး၏ အလောင်းကို နိုဝင်ဘာ ၅ ရက်တွင် တူးဖော် ကာ မော်လမြိုင်ဆေးရုံကြီးတွင် မှုခင်းဆိုင်ရာ ဆရာဝန်များနှင့် စစ်ဆေးခဲ့သည်။
အလောင်းအားစစ်ဆေးရာတွင် မေးစေ့ကို အနီးကပ် ပစ်ထားသောကျည်ဆံရာ၊ ရင်ဘတ်၊ နောက်ကျောနှင့် ပေါင်တွင် သေနတ်ဒဏ်ရာ ငါးချက် တွေ့ရှိကြောင်း ခွဲစိတ်ရာတွင်ပါဝင်သည့် မှုခင်း ဆရာဝန်များက ပြောသည်ဟု ကိုပါကြီး၏ ဇနီး မသန္တာက နိုဝင်ဘာ ၆ရက်တွင် မဇ္စျိမကို ပြောကြားထားသည်။ ထို့နောက် ကိုပါ ကြီအလောင်းကို နိုဝင်ဘာ ရ ရက် မနက် ၈ နာရီခန့်တွင် မော်လမြိုင်မှ ရန်ကုန်မြို့ ရေဝေးသုသာန်သို့ သယ်ဆောင်ကာ ညနေ ၆နာရီခန့်တွင် ဂူသွင်းသဂြိုဟ် ခဲ့သည်။