ကယားပြည်နယ်တွင် ဆရာဝန်များ ခန့်အပ်ရေး ၂၀၁၅တွင် စီစဉ်မည်

ကယားပြည်နယ်တွင် ဆရာဝန်များ ခန့်အပ်ရေး ၂၀၁၅တွင် စီစဉ်မည်
by -
ကန္တာရဝတီတိုင်းမ်

ကယားပြည်နယ်ရှိ ဆေးရုံဆေးပေးခန်းများ၌ ဆရာဝန် လစ်လပ်နေသည့် နေရာများတွင်၂၀၁၅ ခုနှစ်အတွင်း တာဝန်ထမ်းဆောင်နိုင်မည့် ဆရာဝန်များကို အစိုးရမှ စာမေးပွဲဖြေဆို ခေါ်ယူစစ်ဆေးပြီး ဖြစ်ကြောင်း ပြည်နယ် ကျန်းမာရေးမှူးရုံးမှ တာဝန်ရှိသူတစ်ဦးက နိုဝင်ဘာလ ၁၁ ရက်နေ့တွင် ပြောသည်။

“ဆရာဝန်တွေ ၃၄ ယောက် စာမေးပွဲဖြေထားတယ်။ ကယားပြည်နယ် အတွင်းမှာ ခန့်ပေးမှာ ဖြစ်တယ်” ဟု ၎င်းကပြောသည်။

blkhosp-roks

ကယားပြည်နယ်အတွင်းရှိ လမ်းပန်းဆက်သွယ်ရေး ခက်ခဲသည့်မြို့နယ်၊ တိုက်နယ် ဆေးရုံများတွင် တာဝန်ကျ ဆရာဝန်များ ရောက်မလာသောကြောင့်၊ မြို့နယ်အများစုတွင် ဆရာဝန် မရှိသည့်အတွက် ယခုကဲ့သို့ ခန့်အပ် နိုင်ရန် စီစဉ်နေခြင်းဖြစ်သည်။

ဒီမောဆိုမြို့နယ် ကျန်းမာရေး ဦးစီးဌာနမှူး၊ မြို့နယ်ဆရာဝန်သည် ၂၀၁၃ ခုနှစ် ဒီဇင်ဘာလမှစ၍ တာဝန် ထမ်းဆောင်ခြင်း မရှိသည့်အတွက် လက်ရှိဖွဲ့စည်းပုံအရ လစ်လပ်လျက်ရှိသည်ဟု ဒီမောဆိုမြို့နယ် မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစိုးရယ် က ပြောသည်။

ယင်းကိစ္စနှင့် ပတ်သက်၍ ပြည်သူ့လွှတ်တော်၌ ဇူလိုင်လတွင် မေးမြန်းခဲ့ပြီးဖြစ်ကြောင်း၊ သက်ဆိုင်ရာဝန်ကြီး ဌာနမှ ဒီမောဆိုမြို့နယ် ကျန်းမာရေး ဦးစီးဌာနမှူး ခန့်အပ်ထားပြီးဖြစ်ကြောင်း၊ ဒေါတမကြီး တိုက်နယ်ဆေးရုံ တွင်၊ ၂၀၁၄ သြဂုတ်လအတွင်း တိုက်နယ်ဆရာဝန် ခန့်ထားပေးမည်ဟု ပြန်လည် ဖြေကြားခဲ့ကြောင်း ၎င်းက ပြောသည်။

သို့သော် ယခုချိန်ထိ တာဝန်ကျ မြို့နယ်ဆရာဝန် လာရောက်တာဝန် ထမ်းဆောင်ခြင်း မရှိသည့်အတွက် ၄င်းနေရာတွင် အစားထိုး ခန့်အပ်နိုင်ရေး စုံစမ်းစစ်ဆေးမှုများပြုလုပ်လျက်ရှိပြီး၊ လက်ရှိတွင် လက်ထောက် ဆရာဝန် တစ်ဦးတည်းသာ တာဝန်ယူ ဆောင်ရွက်နေရကြာင်း ဒီးမော့ဆို ဒေသခံ များကပြောသည်။

“အကယ်၍ ထွက်လိုက်တယ်၊ နေရာလပ်တယ်ဆိုရင် အဲဒါမှခန့်လို့ရတယ်။ အခုက နေရာက မလပ်သေးဘူး။ နောက်တစ်ယောက် ခန့်ဖို့က ခက်နေတယ်။ သူ့ကို စုံစမ်းစစ်ဆေး ဆဲပဲဖြစ်တယ်။ ဒီးမော့ဆိုမြို့နယ် ဆရာဝန် မရှိသေးဘူး။ ဒါကြောင့် တောင်းထားတာ။ တိတိကျကျ ခန့်အပ်တာကို မလာလို့ကို အခုစစ်ဆေးနေရတာ” ဟု ဦးစိုးရယ် က ပြောသည်။

ဖွဲ့စည်းပုံအရ၊ မြို့နယ်ဆေးရုံ ကျန်းမာရေး ဦးစီးဌာနမှူး မြို့နယ်ဆရာဝန် ၁ ဦး၊ လက်ထောက်ဆရာဝန် ၄ ဦး ရှိရမည် ဖြစ်သော်လည်း ကယားပြည်နယ်တွင် ယင်းဖွဲ့စည်းပုံ ပြည့်မှီရန် မြို့နယ်အလိုက် လိုအပ်ချက်များ ရှိနေသေးသည်။

ဆရာဝန်များ ခန့်အပ်မည့် အချိန်ကာလ၊ နေရာဒေသ၊ ဆရာဝန်ဦးရေ စသည့်အချက်အလက်များနှင့် ပတ်သက် ၍၊ ပြည်နယ်အစိုးရရုံးသို့ သွားရောက်မေးမြန်းရာ၊ ဝန်ကြီးများ အစည်းအဝေးရှိ၍ မအပ်လပ်သေးကြောင်း ပြည်နယ်အစိုးရရုံး တာဝန်ရှိသူတစ်ဦးက ပြန်လည်ဖြေကြားသည်။