ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ရခိုင်ပြည်နယ်ရှိ လူနည်းစုတစ်ရပ်အား "ရိုဟင်ဂျာ" သုံးနှုန်းခဲ့မှုအား နှစ်ဖက်လူ့အဖွဲ့အစည်းကြား ကွဲပြားမှုကို ပိုမိုဖြစ်ပေါ်စေမည်ဟု ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးမောင်မောင်အုန်းက ဘန်ကီမွန်းထံ နိုဝင်ဘာ ၁၃ ရက်က ပေးစားတစ်စောင် ပေးပို့လိုက်သည်။
ထိုစကားလုံးကို အသုံးပြုခဲ့သည့်အတွက် ရခိုင်တိုင်းရင်းသားများနှင့် ဘင်္ဂါလီ လူမျိုးများအကြား ကွဲပြားမှုများကို ပိုမိုကျယ်ပြန့်စေသည်သာမက မြန်မာပြည်သူများနှင့် နိုင်ငံတကာ အသိုက်အဝန်းကြားတွင်လည်း နားလည်မှုလွဲမှားစေနိုင်သည်ဟု ဖော်ပြထားသည်။ နိုဝင်ဘာ ၁၂ ရက် ညနေက နေပြည်တော်တွင် ပြုလုပ်သည့် ဘန်ကီမွန်း၏ သတင်းစာရှင်းလင်းပွဲ၌ "ရိုဟင်ဂျာ" ဟု သုံးစွဲခဲ့ခြင်းကို ရည်ညွှန်း၍ ရခိုင်ဝန်ကြီးချုပ်ကစာပေးပို့ လိုက်ခြင်းဖြစ်သည်။
အဆိုပါပေးစာတွင် “နိုင်ငံတကာအဖွဲ့အစည်းများက ရိုဟင်ဂျာဆိုသည့် စကားလုံးကို အသုံးပြုရန် အဆက်မပြတ် ကြိုးစားခြင်းသည် ရခိုင်ပြည်နယ်အတွက် လိုအပ်သော အကူအညီများကို ပေးအပ်နေသည့် ကုလသမဂ္ဂ အဖွဲ့အစည်းများနှင့် MSF ကဲ့သို့သော နိုင်ငံတကာ အဖွဲ့အစည်းများအပေါ် ဒေသခံများ၏ သံသယရှိမှုကို ပိုမိုကြီးမားစေမည်" ဟုဆိုသည်။
မစ္စတာ ဘန်ကီမွန်းကမူ “မြန်မာခေါင်းဆောင်တွေ အနေနဲ့ လူ့အခွင့်အရေးကို လေးစားလိုက်နာဖို့၊ သွေးထိုး လှုံ့ဆော်မှုတွေ အပေါ် ပြင်းပြင်းထန်ထန် ကိုင်တွယ်ဆောင်ရွက်ဖို့နဲ့ ဆိုးဝါးလှတဲ့ အခြေအနေတွေ မှာ နေနေရတဲ့ရိုဟင်ဂျာတွေ အတွက် လူသားချင်းစာနာမှှု အကူအညီတွေ ရရှိလာအောင် ဆောင်ရွက်ပေးဖို့ ကျွန်တော် အားပေးတိုက်တွန်းအပ်ပါတယ်” ဟု သတင်းစာရှင်းလင်းပွဲတွင် ဆိုခဲ့သည်။
ရခိုင်ပြည်နယ် ဝန်ကြီးချုပ်က ၎င်း၏ပေးစာထဲတွင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ်တာဝန်ကို စတင်ထမ်းဆောင် ချိန်မှစ၍ အသိုက်အဝန်းနှစ်ခုအကြား အပြန်အလှန်နားလည်မှု တည်ဆောက်နိုင်ရန် ကြိုးပမ်းဆောင် ရွက်ခဲ့သလို ကုလသမဂ္ဂနှင့် နိုင်ငံတကာ အဖွဲ့အစည်းများအပေါ် ဒေသခံရခိုင် တိုင်းရင်းသားများက ယုံကြည်မှုရှိလာစေရန် ဆောင်ရွက်လျက်ရှိသည်ဟု ဆိုသည်။ ကုလအတွင်းရေးမှူးချုပ်၏ အသုံးအနှုန်းက လက်ရှိရရှိထားသည့် အောင်မြင်မှုကို ပျက်ပြားစေမည်ကို စိုးရိမ်သည်ဟုလည်း ပေးစာ၌ ဖော်ပြထားသည်။