ပြည်ထောင်စု လွှတ်တော်သက်တမ်း လေးနှစ်ဝန်းကျင်အတွင်း ပါဝင်သူဦးရေ စံချိန်တင်မည့် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး ဆွေးနွေးမှုများ နိုဝင်ဘာ ၁၃ ရက်တွင် စတင်ပြီဖြစ်သည်။
ပထမဆုံးနေ့တွင်ပင် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်နိုင်ရေးအကောင် အထည်ဖော်မှုကော်မတီက တင်ပြလာသည့် အစီရင်ခံစာအပေါ် တပ်မတော်သား ကိုယ်စားလှယ် ငါးဦး၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ နှစ်ဦး၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ သူရဦးအေးမြင့် (အားကစား ဝန်ကြီးဟောင်း) အပါအဝင် စုစုပေါင်း ၁၅ ဦးဖြင့် စတင်မည်ဖြစ်သည်။
“ဒီနေ့ (နိုဝင်ဘာ ၁၂) အထိ စာရင်းပေးထားတာ ၁၄၀ ကျော်ပါပြီ။ ပြည်ထောင်စုလွှတ်တော် နောက်ရက်တွေမှာ ဒီဟာကို ဆက်တိုက်ဆွေးနွေးသွားမှာပါ” ဟု ပြည်ထောင်စုလွှတ်တော်ရုံး ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်သီသီနွယ်က မဇ္ဈိမကိုပြောသည်။
အဆိုပါစာရင်းအတွင်း လွှတ်တော်တွင် မဲပေးခွင့် ၂၅ ရာခိုင်နှုန်း ရယူထားသည့် တပ်မတော်က ၅၀ ဦးဖြင့် အများဆုံး ပါဝင်သည်။
“ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်က ၃၀ နဲ့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်က ၂၀ စုစုပေါင်း ငါးဆယ်ဆွေးနွေးသွားမယ်” ဟု တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်တစ်ဦးက အတည်ပြု ပြောကြားသည်။
အတိုက်အခံပါတီဖြစ်သည့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ကလည်း လွှတ်တော်ကိုယ်စားလှယ် ၃၀ ဦးအထိ ဝင်ရောက်ဆွေးနွေးရန် စီစဉ်ထားသည်။
“အင်န်အယ်လ်ဒီက ကိုယ်စားလှယ် အားလုံးဆွေးနွေးမှာ” ဟု ရန်ကုန်မြို့ အင်န်အယ်လ်ဒီရုံးချုပ်၌ နိုဝင်ဘာ ၅ ရက်တွင်ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ဆိုထားသည်။
ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းက ဖွဲ့စည်းပုံ ပြင်ဆင်ရေး ဆွေးနွေးမှုကို နိုဝင်ဘာ ၂၀ နောက်ဆုံး သတ်မှတ်ထားသည်။