တနင်္သာရီတိုင်းဒေသကြီးအတွင်း သဘာဝပတ်ဝန်းကျင် ကောင်းမွန်စွာ ကျန်ရှိနေသေးသည့် ခမောင်းသွယ်ဒေသ (ကမိုးသွေး)တွင် ဒေသခံများကိုယ်တိုင် စီမံခန့်ခွဲသည့် သဘာဝပတ်ဝန်းကျင် သုတေသန လုပ်ဆောင်ချက်များကို ၂၀၁၅ ခုနှစ်အတွင်း အပြီးလုပ်ဆောင်မည်ဟု တနင်္သာရီ မြစ်မကြီးနှင့် ဌာနေတိုင်းရင်းသား ကွန်ယက် အဖွဲ့ဝင် စောကဲဒိုက ပြောသည်။
ဒေသခံများက ခမောင်းသွယ်ချောင်း တစ်လျှောက်ရှိ ငါးမျိုးစိတ် သုတေသနများ ဆက်လက်လုပ်ဆောင်နေပြီး ဒေသခံများ၏ လူမှုရေးနှင့် စီးပွားရေး စစ်တမ်းများ ကောက်ယူခြင်းများကို လုပ်ဆောင်လျက်ရှိသည်။ ၎င်းတို့ကပင် သစ်တောအတွင်းရှိ ရှားပါးသစ်ခွမျိုးစိတ်များ၊ တိရိစ္ဆာန်များ၊ သစ်ပင်အမျိုးအစားများကို ထပ်မံကောက်ယူခြင်း၊ ဒေသခံများကိုယ်တိုင် ကျေးရွာမြေပုံရေးဆွဲခြင်းစသည် တို့ကိုဆက်လက် လုပ်ဆောင်မည်ဖြစ်သည်။
“လက်ရှိကောက်ခံနေတဲ့ လူမှုစစ်တမ်း အခြေအနေအရ သဘာဝပတ်ဝန်းကျင်ကနေ လူသားကို အကျိုးပြုမှု၊လုပ်ကိုင်စားသောက်မှုတွေမှာ အခြားဝင်ငွေတွေထက် ရ ဆ၊ ၈ ဆလောက်ပိုတယ်။ သဘာဝပတ်ဝန်းကျင် ပျက်စီးရင် ဒေသခံတွေအတွက် ခြိမ်းခြောက်မှုတွေ ဖြစ်လာမယ်”ဟု စောကဲဒို ပြောသည်။
အဆိုပါ ဒေသ အနီးဝန်းကျင်ဖြစ်သော ထားဝယ်မြို့အတွင်းရှိ ဟိန္ဒားသတ္တုမိုင်းမှ စွန့်ပစ်အနည်များ ရေ များကြောင့် ဟိန္ဒားချောင်း၊ မြောင်းပြိုချောင်းများ တိမ်ကောခြင်း၊ ချောင်းအတွင်းရှိ ငါးမျိုးစိတ်များ မျိုးသုန်းခြင်း၊ ရေများတွင် အန္တရာယ်ရှိ သတ္တုဓာတ်များ ပါ၀င်ခြင်း စသည့် အခြေအနေများ ရင်ဆိုင်နေရသဖြင့် လက်ရှိတွင် သဘာဝပတ်ဝန်းကျင် အခြေအနေ ကောင်းမွန်စွာ ကျန်ရှိနေသောခမောင်းသွယ်ချောင်းကို ယင်းကဲ့သို့ ထိခိုက်ခြင်း မဖြစ်အောင် ထိန်းသိမ်းခြင်းဖြစ်သည်ဟု တနင်္သာရီမြစ်မကြီး နှင့် ဌာနေတိုင်းရင်းသား အဖွဲ့မှ ဦးရဲအောင်က ပြောသည်။
“ကျွန်တော်တို့ ချောင်းပိုင်းမှာရှိတဲ့ သဘာဝရင်းမြစ်တွေကို အမှီပြု သုံးစွဲနေရတယ်။ နောင်အတွက်ပါ ရေရှည် အသုံးပြုနိုင်ဖို့အတွက် လူတိုင်းအတွက် အင်မတန် ဒါဟာ ထိန်းသိမ်းသင့်တယ်ဆိုတာ အသိပညာပေးမှုတွေပါ လုပ်ဆောင်သွားမှာပါ”ဟု ၎င်းက ပြောသည်။
အဆိုပါ ဒေသသည် တနင်္သာရီတိုင်းဒေသကြီး အတွင်းတွင် သစ်တောအကောင်းဆုံးနေရာ ဖြစ်ပြီး ပြည်သူ အခြေပြု သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး နယ်မြေတည်တောင်ရန် စီစဉ်နေသော မြင့်မိုလက်ခတ် ဧရိယာတွင်ပါရှိသည်။ အဆိုပါ ဒေသရှိ ကျေးရွာများသည် တစ်ရွာနှင့်တစ်ရွာ ကျေးရွာ နယ်နိမိတ်များ ကို လေးစားလိုက်နာခဲ့ပြီး ကျေးရွာတိုင်းတွင် ကျေးရွာတိုးချဲ့နယ်မြေ၊ ရေဝေထိန်းတော၊ ပရဆေးထိန်းနယ်မြေ၊ စိုက်ပျိုးနယ်မြေ၊ ငါးထိန်းသိမ်းရေးသည့်နေရာ၊ စားကျက်နယ်မြေများအဖြစ် သီးသန့်ခွဲခြားထားပြီး ဒေသခံများက ထိန်းသိမ်းထားသဖြင့် အဆိုပါဒေသတွင် သစ်တောများမှာ လွန်စွာကောင်းမွန်နေသည်ကို တွေ့ရှိရသည်ဟု သားငှက်တိရိစ္ဆာန် ထိန်းသိမ်းရေးအဖွဲ့ Landscape Coordina tor ဦးကျော်သင်းလတ်က ပြောသည်။
ခမောင်းသွယ်ဒေသသည် ခမောင်းသွယ်ချောင်းနှင့် ဘန်းချောင်း ဆုံဆည်းပြီး တနင်္သာရီမြစ် စတင်ဖြစ်ပေါ်သည့် ဒေသဖြစ်သည်။ တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင်၊ မေတ္တာမြို့နယ် ခွဲ အတွင်းရှိပြီး ကျေးရွာ ၁၂ ရွာပါ၀င်ပြီး ကရင်တိုင်းရင်းသား အများစုနေထိုင်ကြသည်။