မွန်ပြည်နယ် လွှတ်တော်မှ လွှတ်တော်ကိုယ်စားလှယ်များ နိုဝင်ဘာလ ၁၄ ရက်တွင် ပထမဆုံးအကြိမ် အဖြစ် ပြည်ပနိုင်ငံသို့ လေ့လာရေးခရီး သွားရောက်မည်ဟု လွှတ်တော်ဥက္ကဋ္ဌ ဦးကျင်ဖေ က ပြောသည်။
ဦးကျင်ဖေက “အရင်က ကျွန်တော်တို့နဲ့ workshop (အလုပ်ရုံ ဆွေးနွေးပွဲ) လုပ်သွားတဲ့အဖွဲ့က sponsor (အထောက်အပ့ံ) လုပ်ပေးတာပါ။ ပထမဦးဆုံး စီစဉ်ပေးတာပါ။ ကျွန်တော်တို့ လွှတ်တော်အနေနဲ့ တရားဝင်သွားတာပါ” ဟု ပြောသည်။
လေ့လာရေး အဖွဲ့တွင် မွန်ပြည်နယ်လွှတ်တော်မှ ချောင်းဆုံမြို့နယ် ကိုယ်စားလှယ် ဒေါက်တာ အောင်နိုင်ဦး၊ သထုံမြို့နယ် ကိုယ်စားလှယ် ဦးသိန်းဇော်နှင့် လွှတ်တော် ရုံးအဖွဲ့မှ ညွှန်ကြားရေးမှုး ဦးထွန်းထွန်းနိုင် တို့ ပါဝင်ပြီး၊ အင်ဒိုနီးရှားနှင့် သြစတြေးလျနိုင်ငံရှိ လွှတ်တော်များသို့ သွားရောက် လေ့လာမည်ဟု ဦးကျင်ဖေ က ပြောသည်။
ဒေါက်တာ အောင်နိုင်ဦးကလည်း “အရင်တုန်းကတော့ အန်ဂျီအိုတွေက ပုဂ္ဂိုလ်ရေး ဖိတ်လို့ သွားတာတွေ ရှိတယ်။ အခုက ပထမဦးဆုံးအကြိမ် လွှတ်တော်ကို ဖိတ်ပြီးသွားတာ” ဟု ပြောသည်။
မွန်ပြည်တော် လွှတ်တော်အနေနှင့် မိမိတို့အစီအစဉ်ဖြင့် ပြည်ပ လေ့လာရေး ခရီးသွားရန်အတွက် သီးသန့်ဘတ်ဂျက် မရှိသေးကြောင်း ဦးကျင်ဖေ က ပြောသည်။
၎င်းက “Officially (တရားဝင်) နိုင်ငံခြား ခရီးစဉ်တစ်ခု သွားဖို့အတွက် cabinet (အစိုးရအဖွဲ့) သဘောတူညီချက် ယူရတယ်။ ဘဏ္ဍာရေးဆိုင်ရာ ခွင့်ပြုချက်လိုတယ်။ အုပ်ချုပ်မှုဆိုင်ရာ ခွင့်ပြုချက် လိုတယ်။ ဒီကန့်သတ်ချက်တွေတော့ ရှိတယ်” ဟု ပြောသည်။
၂၀၁၂ ခုနှစ်မှ စ၍ ၂၀၁၄ ခုနှစ် အောက်တိုဘာလထိ ပြည်တွင်း ပြည်ပမှ အဖွဲ့အစည်း အသီးသီးက မွန်ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌ၊ ဝန်ကြီး၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် အကြိမ် ၅၀ ကျော် လာရောက် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း လွှတ်တော်ဥက္ကဋ္ဌက ပြောသည်။