လာမည့် ၂၀၁၅ ခုနှစ် ဇန်နဝါရီလအတွင်း မွန်အမျိုးသားပါတီ (MNP) ၏ ပါတီညီလာခံကို ကျင်းပသွားမည်ဟု ပါတီ အထွေထွေအတွင်းရေးမှူး ဒေါက်တာမင်းစိုးလင်းက ပြောသည်။
၎င်းက “နယ်တွေကို အခိုင်အခန့် ယူပြီးတော့ လာမယ့် ၂၀၁၅၊ ဇန်နဝါရီ ၃၁ ရက်နေ့ နောက်ဆုံးထားပြီး ဗဟိုအဆင့် ညီလာခံ လုပ်သွားမယ်” ဟု ပြောသည်။
မွန်အမျိုးသားပါတီသည် မွန်ပြည်နယ်၊ ကရင်ပြည်နယ် စသည်ရှိ မြို့နယ်ပေါင်း ၂၀ တွင် ရုံးနှင့် ပါတီဝင် အများအပြား ရှိပြီး၊ အုပ်စု ၄ ခု ခွဲကာ ဗဟိုကော်မတီနှင့် ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်များက သက်ဆိုင်ရာမြို့နယ်များတွင် ပါတီညီလာခံအတွက် စည်းရုံးရေး ဆင်းလျက် ရှိသည်ဟုလည်း ၎င်းက ပြောသည်။
ညီလာခံသို့ မြို့နယ် အသီးသီးမှ ကိုယ်စားလှယ်များ၊ လက်ရှိဗဟိုကော်မတီဝင်များနှင့် ဗဟို အလုပ်အမှုဆောင် ကော်မတီဝင်များ စုစုပေါင်း ၄၀၀ ကျော် တက်ရောက်လိမ့်မည်ဟု ခန့်မှန်းထားပြီး၊ ညီလာခံတွင် ဗဟိုကော်မတီနှင့် ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် များကို ပြန်လည်ရွေးချယ်သွားမည်ဟု ၎င်းက ပြောသည်။
မွန်အမျိုးသားပါတီကို မွန်ဒီမိုကရေစီပါတီ (MDP) နှင့် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီ (AMDP) မှ ပါတီဝင်အချို့ဖြင့် ပူးပေါင်းဖွဲ့စည်းထားခြင်း ဖြစ်ပြီး၊ MDP ၏ ဖွဲ့စည်းပုံ အခြေခံစည်းမျဉ်းကို အခြေခံ၍ ပြင်ဆင်ဖြည့်စွက်ကာ ၂၀၁၄ ခုနှစ်၊ ဇူလိုင်လတွင် မွန်အမျိုးသားပါတီ၏ ဖွဲ့စည်းပုံအဖြစ် ပြဌာန်းခဲ့သည်။
MNP ၏ တွဲဖက်အတွင်းရေးမှူး ဒေါက်တာမင်းကြည်ဝင်းက “လတ်တလော ပါတီအဆင့် ညီလာခံ မတိုင်ခင်မှာ အရင်ရှိတဲ့ MDP ရဲ့အလံ၊ တံဆိပ်တွေကိုပဲ ယာယီဆက်သုံးဖို့ ဆုံးဖြတ်ထားတယ်” ဟု ပြောသည်။
ဗဟိုအဆင့်ညီလာခံတွင် ပါတီဖွဲ့စည်းပုံ စည်းမျဉ်းစည်းကမ်းများ၊ ပါတီ အလံ၊ တဆိပ်တို့ကို ပြန်လည် ရွေးချယ် အတည်ပြုသွား မည် ဖြစ်သည်ဟု ဆိုသည်။
ညီလာခံတွင် ဆွေးနွေးမည့် အကြောင်းအရာများနှင့် ပတ်သက်၍ မိတ်ဘက်ပါတီများနှင့် ညှိနှိုင်းဆွေးနွေးသွားမည်ဟုလည်း ဒေါက်တာ မင်းကြည်ဝင်းက ပြောသည်။