ကယားပြည်နယ်အစိုးရ ဆယ်တန်းကျောင်းသားများအတွက် ညကျောင်းဖွင့်လှစ်ထား

ကယားပြည်နယ်အစိုးရ ဆယ်တန်းကျောင်းသားများအတွက် ညကျောင်းဖွင့်လှစ်ထား
by -
ကန္တာရဝတီတိုင်းမ်

တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင်ချက် မြင့်မားစေရန် ကယားပြည်နယ်အစိုးရ၏ ညွန်ကြားချက်အရ အထက်တန်းကျောင်းများနှင့် အလယ်တန်းကျောင်းခွဲများတွင် ညကျောင်းများဖွင့်လှစ်ရန် ထားသည်ဟု လွိုင်ကော်မြို့နယ် ပညာရေးမှူး ဦးဖိုးလှက ပြောသည်။

ဝါရင့် ဆရာ၊မများက သင်ကြားသွားမည်ဖြစ်ရာ အဓိက တက္ကသိုလ်ဝင်တန်းစာမေးပွဲကို အပြင်ဖြေဆို မည့် ကျောင်းသူ၊ သားများ၊ ကျူရှင်များမတက်နိုင်သည့်သူများအတွက် အခွင့်ကောင်းများ ရရှိနိုင်ရန် ဆောင် ရွက်ပေးခြင်းဖြစ်သည်ဟုသိရသည်။

night-school

“ကလေးတွေ ရည်ရွယ်ချက်ကောင်းအောင် ပြည်နယ်အောင်ချက်ကောင်းအောင်ပေ့ါ” ဟု ဦးဖိုးလှက ပြောသည်။

ဒီမိုကရေစီအကူးအပြောင်းချိန်တွင် ယခုချိန်ထိ ကျူရှင်စနစ်အပြိုင်အဆိုင်ရှိနေခြင်းသည် ဖျောက်ဖျက်လို့ မရနိုင်သေးနိုင်သေးကြောင်း အကြောင်းအရင်းမှာ လက်ရှိ ကျောင်းသူကျောင်းသားများသည် မအောင်မရှိ တနှစ်တတန်းတက်ခဲ့ရသည့် စနစ်ကြောင့် အခြေခံ မကောင်းခဲ့သည့်အတွက် တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုရာတွင် အခက်အခဲ ကြံုလာကြရသည့်အတွက် ယခုကဲ့သို့ အချိန်ပိုစနစ်များ ဖြစ်လာကြောင်း ဒီးမော့ဆိုမြို့ အထက်တန်းကျောင်းမှ မှ အထက်တန်းပြ ဆရာမ တစ်ဦးက ပြောသည်။

၎င်းက “ကျူရှင်ဆိုတာ မရှိသင့်ပါဘူး။ ဒါပေမယ့်လို့ အခုကလေးတွေ ကျူရှင်အပြိုင်အဆိုင် တက်ထားမှ အောင်နိုင်မယ်။ ဘာကြောင့်လဲဆို ကျမတို့ကလေးက စာတွေမကျေခဲ့လို့ အခုလိုဆယ်တန်းမှာ လာခံနေရတာ” ဟု ပြောသည်။

ညကျောင်းတွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုမည့် ကျောင်းသူ/သားအားလုံးကို တက်ခွင့်ပြုထားကြောင်း လွိုင်ကော်မြို့ပေါ်တွင် ယခုဖွင့်လှစ်ထားသည့် ညကျောင်းများ၌ ကျောင်းတက်နေသည်ကျောင်းသူ/သားများ နည်းပြီး အပြင်ဖြေမည့် ကျောင်းသူူ/သားများပိုများသည်ဟု သိရသည်။

စာသင်ချိန်တွင် ဘေးပတ်ဝန်းကျင် စိတ်အနှောက်အယှက် ဖြစ်စေမည့် တစုံတရာ ကိစ္စရပ်များ မပေါ်ပေါက်စေ ရန် အုပ်ချူပ်ရေးမှူးမှ သက်ဆိုင်ရာဌာနအလိုက် တညလျှင် ဝန်ထမ်း ၅ ဦးစီ လုံခြံုရေးချပေးထားသည်ဟု သိရသည်။

ညအချိန်ပို ကျောင်းကို နိုဝင်ဘာလမှ မတ်လ အထိဖွင့်လှစ်သွားမည်ဖြစ်ကြောင်းနှင့် တနင်္လာမှ သောကြာနေ့ အထိက ညနေ (၆)နာရီမှ (၈)နာရီ ထိ တစ်ညလျှင် (၃)ချိန်ဖြင့်လည်းကောင်း၊ စနေနေ့တွင် နံနက် (၁၁)နာရီမှာ မွန်းလွှဲ (၁)နာရီဖြင့်လည်းကောင်း သင်ကြားပေးသွားမည်ဟုသိရသည်။

Most read this week