မိကျောင်းကန် ဆန္ဒပြသူများ အိုဘားမားနှင့် အာဆီယံခေါင်းဆောင်များကို ဆိုင်းဘုတ်ကိုင် ကြိုဆိုမည်

မိကျောင်းကန် ဆန္ဒပြသူများ အိုဘားမားနှင့် အာဆီယံခေါင်းဆောင်များကို ဆိုင်းဘုတ်ကိုင် ကြိုဆိုမည်
by -
မဇ္စျိမ

မိကျောင်းကန် သပိတ်စခန်းမှ ဆန္ဒဖော်ထုတ်သူများက အမေရိကန် သမ္မတ အိုဘားမားနှင့် အာဆီယံ ထိပ်သီးခေါင်းဆောင်များကို ဆိုင်းဘုတ်ကိုင် ကြိုဆိုသွားမည်ဟု အဆိုပါ သပိတ်စခန်းမှ ဦးမောင်မောင်က မဇ္စျိမကို ပြောသည်။

အဆိုပါ ကြိုဆိုပွဲကို နိုဝင်ဘာလ ၁၄ ရက်တွင် ရန်ကုန်သို့ လာရောက်မည့် သမ္မတအိုဘားမား၏ လမ်းကြောင်းဖြစ်သည့် ရန်ကုန်တက္ကသိုလ် အနီးနှင့် မြို့တော်ခန်းမရှေ့ တစ်နေရာရာတွင် သွားရောက် ကြိုဆိုသွားမည်ဟု ၎င်းက ဆိုသည်။

မိကျောင်းကန်သပိတ်စခန်းတွင် ဆန္ဒဖော်ထုတ်နေသူ ဦးမောင်မောင်က “အမေရိကန် သမ္မတ အိုဘားမားကို သပိတ်စခန်းမှ ရှိတဲ့သူတွေ အားလုံးသွားပြီး ကြိုဆိုမယ်။ သူသွားရာလမ်းကြောင်းမှာ သွားရောက်ကြိုဆိုသွား မယ်” ဟု ပြောသည်။

မိကျောင်းကန် သပိတ်စခန်းမှ ဆန္ဒဖော်ထုတ်သူများက“ အမေရိကန်နိုင်ငံ သမ္မတ မစ္စတာ အိုဘားမားနှင့်တကွ အာဆီယံ ထိပ်သီး ခေါင်ဆောင်များအား လှိုက်လှဲစွာကြိုဆိုပါ၏ မြေယာမဲ့မိကျောင်းကန် ပြည်သူများ” ဟုဆိုကာ မြန်မာ၊ အင်္ဂလိပ် နှစ် ဘာသာဖြင့် ရေးသားထားသော ဗီနိုင်းများကိုင်ဆောင်ကာ ကြိုဆိုသွားမည်ဖြစ် သည်။

အဆိုပါစာတန်းကို ကျောက်တံတားမြို့နယ်၊ ရန်ကုန်တရားလွှတ်တော်ရုံးရှေ့နှင့် မဟာဗန္ဓုလ ပန်းခြံဘေးတွင် ဖွင့်လှစ်ထားသော မိကျောင်းကန် သပိတ်စခန်းတွင် ၄ ပေx ၆ ပေ ဗီနိုင်းဖြင့် ချိတ်ဆွဲထားသည်။

အဆိုပါ မိကျောင်းကန်သပိတ်စခန်းမှ ပြည်သူများက မြေပြန်လည်ရရှိရေးအတွက် အိတ်ဖွင့်ပေးစာ ကို နိုဝင်ဘာလ ၄ရက်တွင် မြန်မာနိုင်ငံ သမ္မတ ဦးသိန်းစိန်နှင့် ကာကွယ်ရေးဦးစီးဌာနချုပ်တို့ ထံလည်းကောင်း၊ နိုဝင်ဘာ ၁၀ရက်တွင်  လူ့အခွင့်အရေးကော်မရှင်၊ ရန်ကုန်တိုင်းဒေသကြီးဝန် ကြီးချုပ်၊ ရန်ကုန်မြို့တော်စည်ပင်သာယာ ရေးကော်မတီ၊ မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာန၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်နှင့် ဗဟန်းမဲဆန္ဒနယ်အမှတ်(၂) တိုင်းလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ ညိုညိုသင်း တို့ထံ ပေးပို့ထားပြီးဖြစ်သည်ဟု ကိုမောင်မောင်က ဆိုသည်။