ရခိုင်ပြည်နယ် ဖွံ့ဖြိုးရေး အစီအစဉ် ထုတ်ပြန်ရန်ရွှေ့ဆိုင်း

ရခိုင်ပြည်နယ် ဖွံ့ဖြိုးရေး အစီအစဉ် ထုတ်ပြန်ရန်ရွှေ့ဆိုင်း
by -
မဇ္စျိမ

ရခိုင်ပြည်နယ် ဖွံ့ဖြိုးရေး အစီအစဉ်အချို့ ထင်သလောက် မအောင်မြင်၍ နိုင်ငံတကာသို့ ထုတ်ပြန်မည့်ရက် ရွှေ့ ဆိုင်း ထားသည်ဟု ရခိုင်ပြည်နယ် အစိုးရအဖွဲ့ လမ်းပန်းဆက်သွယ်ရေးနှင့် ဆောက်လုပ်ရေး ဝန်ကြီး ဦးလှဟန် က မဇ္စျိမကို ပြောသည်။

“နိုင်ငံသားစိစစ်ရေးနဲ့ ပြန်လည်နေရာချထားရေးက ထင်သလောက်မအောင်မြင်တော့ အစီအမံထဲက အချို့ဟာလေးတွေ ပြန်ပြင်နေရတဲ့ အတွက် လောလောဆယ်ထုတ်ပြန်ဖို့ နောက်ကျနေတာ” ဟု ဦးလှဟန် က ပြောသည်။

၂၀၁၃ ခုနှစ် မေလ ၀၈ ရက်နေ့တွင် ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်ရှိ ရခိုင် ဒုက္ခသည်စခန်း တစ်ခုအား တွေ့ရစဉ်။ (ဓာတ်ပုံ - ကြယ်ပြာ၊ မဇ္ဈိမ)

အောက်တိုဘာလ အတွင်းပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးမောင်မောင် အုန်းက နိုဝင်ဘာလ အတွင်း နိုင်ငံတကာ နှင့် ပြည်သူသို့ ထုတ်ပြန်မည်ဟု ပြောဆိုထားခြင်းဖြစ်သည်။

ရခိုင်ပြည်နယ် ဖွံ့ဖြိုးရေး အစီအစဉ်ပါ နိုင်ငံသားဖြစ်ခွင့် နှင့် သက်ဆိုင်သော အချက်များ အပြီးသတ်ဆောင်ရွက် မည့် ကာလကို မူလ ခန့်မှန်းထားမှုထက် အချိန်ပိုယူရန် ရှိပြီး စီးပွားရေးဆိုင်ရာ အချက်အလက်များကိုမူ ပြန်ပြင် ရန် မရှိဟု ၎င်းက ပြောသည်။

အမေရိကန် သမ္မတ အိုဘားမားကလည်း ယင်းအရေး ပြန်လည်သုံးသပ်ရန် သမ္မတဦးသိန်းစိန် ထံ အောက်တိုဘာ ၂၉ ရက်က တယ်လီဖုန်းဖြင့် ဆက်သွယ်ပြောဆိုခဲ့သေးသည်။

လက်ရှိတွင် ရခိုင်ပြည်နယ် ဖွံ့ဖြိုးရေး အစီအစဉ်များထဲမှ အချို့ကို စတင်နေပြီဖြစ်သော် လည်း နိုင်ငံသား စိစစ်ခြင်းကိုမူ ၂၀၁၅ နှစ်ဆန်း ပိုင်း ရောက်မှသာ ပြန်လည်စတင်ရန် ရွှေ့ဆိုင်းထားသည်။

ရခိုင်ပြည်နယ် စစ်တွေမြို့နယ် ဒုက္ခသည်စခန်း ခေါင်းဆောင် ဦးအောင်ဝင်းက “နိုင်ငံသားဖြစ်ခွင့် ရဖို့လုပ်တယ် ဆိုတာ နိုင်ငံတကာ ဖိအားကြောင့် လုပ်ပြတာလို့ထင်တယ် တကယ်အကောင်အထည် ပေါ်မလာဘူး” ဟု ဆိုသည်။

၁၉၈၂ခုနှစ် နိုင်ငံသားဥပဒေဖြင့် စိစစ်ရာတွင် ဘင်္ဂလီနှင့် ရိုဟင်ဂျာ ဟူသော အသုံးအနှုန်း ကာယကံရှင်တို့နှင့် ညှိနှိုင်းမရသည့် အခြေအနေကြောင့် အခက်အခဲဖြစ်ကာ အစီအစဉ်ကို နောက်ဆုတ်ထားသည်ဟု  ပြည်နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာန ဦးစီးမှူးဦးခင်စိုးကပြောသည်။

ရခိုင်ပြည်နယ် ဖွံ့ဖြိုးရေးအစီအစဉ်ကို ပြည်ထောင်စု အစိုးရ ရေးဆွဲချမှတ်ခြင်း ဖြစ်သည်။

Most read this week