စစ်ဘေးဒဏ်ကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးနေရသူများက မြန်မာ့နိုင်ငံရေး ဆွေးနွေးပွဲ ဖြစ်ပေါ်လာရေး ကို မျှော်လင့်နေသည်ဟု နယ်စပ်တလျှောက် ကယ်ဆယ်စောင့်ရှောက်ရေး ညွန့်ပေါင်းအဖွဲ့ (The Border Consortium-TBC) က အစီရင်ခံစာတစ်စောင် ထုတ်ပြန်လိုက်သည်။
စာမျက်နှာ ၄၆ မျက်နှာပါသည့် ယင်းအစီရင်ခံစာသည် “မြန်မာနိုင်ငံ အရှေ့တောင်ပိုင်းရှိ ကာကွယ်မှုပေးရေးနှင့် လုံခြံုရေးဆိုင်ရာ စိုးရိမ်ပူပန်မှုများ” ဟု အမည်ပေးထားပြီး ၂၀၁၁ ခုနှစ်မှ စတင်၍ သုံးနှစ်ကြာ မြန်မာနိုင်ငံ အရှေ့တောင်ပိုင်းဒေသ မြို့နယ် ၂၃ ခုမှ ကျေးရွာပေါင်း ၆၆၅ရွာအနက် ၂၂၂ ရွာတွင် စစ်တမ်းကောက်ယူ ခဲ့ပြီးနောက် ၂၀၁၄ နိုဝင်ဘာလ ၆ ရက်က ထုတ်ပြန် လိုက်ခြင်း ဖြစ်သည်။ အစီရင်ခံစာက လူမှုအဖွဲ့ ၁၁ ဖွဲ့ပါဝင်သည့် TBC က ကောက်ခံထားခြင်းဖြစ်သည်။
“အခုအချိန်မှာ ငြိမ်းချမ်းရေးအခြေအနေဟာ ရပ်လုနီးပါးဖြစ်နေတဲ့ အခြေအနေဖြစ်နေတယ်။ အဲဒီအပေါ်မှာ အခုလက်ရှိ လွန်ခဲ့တဲ့ ၃၊ ၄ နှစ်ထက်စာရင်တော့ အခြေအနေ ပြောင်းလဲလာတယ်။ သို့သော်လည်းပဲ စီးပွားရေးနဲ့ ပတ်သက်ပြီးတော့ သူတို့နေရာတွေမှာလာပြီး mining ကုမ္ပဏီတွေ လုပ်တာက မြေသိမ်း တာတွေ ရှိတာတဖုံ၊ တကယ်တန်းက လုံခြံုရေး သူတို့ နေရပ်ပြန်နိုင်ဖို့အတွက်ဆိုရင် ငြိမ်းချမ်းရေးက ဖြစ်ဖို့လို တယ်။ အဲဒီအတွက် အများကြီး မျှော်လင့်တယ်ပေါ့”ဟု TBC မှ မြန်မာအစီအစဉ် ညွန်ကြားရေးမှူး ဒေါ်နီလာမြိုင်က မဇ္စျိမကို ပြောသည်။
အစိုးရ စစ်တပ်က လူ့အခွင့်အရေး ချိုးဖောက်မှုများ ဆက်လက် ရှိနေဆဲ ဖြစ်ပြီး အဆိုးဆုံးမှာ တရားဥပေဒ စိုးမိုးရေးနှင့် ပတ်သက်၍ ပိုမိုဆိုးဝါးလာသလို၊ မြေယာ အသိမ်းခံရမှုများလည်း ပိုမိုများပြားလာသည်ဟု သူက ပြောသည်။
“လူ့အခွင့်အရေး ချိုးဖောက်မှုတွေကတော့ ဆက်ရှိနေသေးတယ်။ အရင်နှစ်တွေတုန်းက လူ့အခွင့်အရေး ချိုးဖောက်မှု ပုံစံနဲ့ အခုပုံစံက အရမ်းကွာသွားပြီ၊ မြေသိမ်းယာသိမ်းတွေ ပိုများလာတယ်။ တချို့နေရာတွေမှာဆိုရင် အခုထိ ကလေးစစ်သား စုဆောင်းခံရတာတွေ ရှိတယ်”ဟု သူက ဆက်ပြောသည်။
လူ့အခွင့်အရေး ချိုးဖောက် ရပ်ဆိုင်းရေးနှင့် တရားမျှတမှု တိုးတက်ရေးအတွက် ဒေသခံ ပြည်သူများ၏ ဦးစားပေး လိုလားချက်သည် စစ်တပ်အင်အား လျှော့ချခြင်းနှင့် ဒေသခံ လူထုများ၏ အေဂျင်စီအဖွဲ့အစည်းများ အားကောင်းလာစေရေးဖြစ်သည်ကို တွေ့ရှိ ရကြောင်း ဖော်ပြထားသည်။
ထို့ပြင် စစ်တမ်းကောက်ယူခဲ့သည့် ကျေးရွာအုပ်စု ရ၄ ရာခိုင်နှုန်းတွင် ကျေးရွာခေါင်းဆောင်များ၊ ဓလေ့ထုံးတမ်း ဥပဒေများကို အသုံးပြု၍ အကြီးအကျယ် အငြင်းပွားမှုများနှင့် အကြမ်းဖက်မှု ရာဇဝတ်မှုများကို ဖြေရှင်းရန် အဓိက အသုံးပြုသည်ကို တွေ့ရှိရကြောင်း ဖော်ပြထားသည်။
မြန်မာနိုင်ငံ အရှေ့တောင်ပိုင်းဒေသ ပဋိပက္ခ စစ်ပွဲများဖြစ်ပွားနေရာများတွင် အရပ်သားများအပေါ် ကာကွယ်မှုပေးရေး စိုးရိမ်ပူပန်ချက် များကို ဖော်ထုတ်ပေးနိုင်ရန် ရည်ရွယ်၍ သီးသန့်ပစ် မှတ်ထားအုပ် စု ဆွေးနွေးပွဲများအတွက် မေးခွန်း ၃၁ ခုကို ကျေးရွာခေါင်းဆောင် များ၊ ကျေးရွာအုပ်စုခေါင်းဆောင်များ၊ သာမာန် အရပ်သားများ၊ လူမှုရေး၊ ဘာသာရေး ခေါင်းဆောင်များကို မေးမြန်းထားသည်ဟု သိရသည်။
ထို့ပြင် ၂၀၁၁ ခုနှစ်က ပဏာမ အပစ်အခတ် ရပ်စဲရေးဆွေးနွေးမှုများ စတင်ချိန်မှစ၍ စစ်တပ်အင်အား တိုးချဲ့မှု ရပ်ဆိုင်းခဲ့ခြင်း မရှိဘဲ စစ်တပ်အင်အားတိုးချဲ့ ချထားမှုများမူ သဘောဝ သယံဇာတ ထုတ်ယူမှုများ၊ စီးပွားဖြစ် ဖွံ့ဖြိုးရေးစီမံချက်များနှင့် ပို၍ ပတ်သက်နေပြီး၊ မြေမြုပ်ပိုင်းသည် ခြိမ်းခြောက်မှုအဖြစ် ဆက်လက် ရှိနေကြောင်း အစီရင်ခံစာတွင် ထည့်သွင်းဖော်ပြထားသည်။
TBC သည် ၂၀၀၂ ခုနှစ်မှ စတင်၍ မြန်မာနိုင်ငံ အရှေ့တောာင်ပိုင်းဒေသရှိ ပဋိပက္ခ စစ်ပွဲများကြောင့် ထိခိုက် နစ်နာနေရသော လူထုများ အခြေအနေများကို မှတ်တမ်းတင်နိုင်ရန် အရပ်ဖက် လူမှုအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ခဲ့သည်ဟု သိရသည်။