အမေရိကန် သမ္မတ အိုဘားမား၏ မြန်မာနိုင်ငံ ခရီးစဉ်အတွင်း ဘင်္ဂါလီလူမျိုးများကို ရိုဟင်ဂျာဟု သုံးနှုန်းပြောဆိုပါက ဆန္ဒပြမည်ဟု ရခိုင်တိုင်းရင်းသားလူမှု အဖွဲ့အစည်းအချို့၏ ဦးဆောင်သူများက ပြောသည်။
“သမ္မတဦးသိန်းစိန် ကိုယ်တိုင်က ရိုဟင်ဂျာဆိုတာ မရှိပါဘူးလို့ တရားဝင်ပြောထားပါလျက် အိုဘာမားက လက်မခံဘဲ ထပ်ပြီး ရိုဟင်ဂျာလို့ သုံးနှုန်းပြောလာမယ်ဆိုရင် ကျွန်တော်တို့ ကန့်ကွက် ဆန္ဒပြသွားမယ်” ဟု ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ဖြစ်မြောက်ရေး ကော်မတီ အထွေထွေအတွင်းရေးမှူး ကိုရဲမင်းဦးက မဇ္ဈိမကို ပြောသည်။
အမေရိကန်သမ္မတ ဘားရက်အိုဘားမားသည် ၂၀၁၂ ခုနှစ်အတွင်း ၎င်း၏ ပထမဆုံး မြန်မာနိုင်ငံ ခရီးစဉ်၌ ရိုဟင်ဂျာဟု သုံးနှုန်းပြောကြားမှု အချို့ရှိခဲ့၍ ရခိုင်အမျိုးသားကွန်ရက်က သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခြင်း၊ အိုဘားမားထံ အိတ်ဖွင့်ပေးစာတစ်စောင် ပေးပို့ခြင်း တို့ ဆောင်ရွက်ဖူးသည်။
ထို့ကြောင့် ၎င်း၏ ဒုတိယမြောက် မြန်မာနိုင်ငံခရီးစဉ်အတွင်း ရိုဟင်ဂျာဟု ထပ်မံသုံးနှုန်းခြင်းရှိ မရှိ စောင့်ကြည့် သွားမည်ဖြစ်ပြီး သုံးနှုန်းပါက ဆန္ဒပြပွဲလုပ်သည် အထိ ကန့်ကွက်ရန် ရခိုင်တိုင်းရင်းသား အဖွဲ့အချို့က စီစဉ်နေခြင်းဖြစ်သည်။
ရခိုင်ပဋိပက္ခစုံစမ်းရေးကော်မရှင်တွင် ပါ၀င်ခဲ့သူ ဒီမိုကရက်တစ်ပါတီ(မြန်မာ) အထွေထွေအတွင်းရေး မှူး ဒေါ်သန်းသန်းနု က “အိုဘားမားအနေနဲ့ ဧည့်သည်တော် အဖြစ်နဲ့လာတဲ့အခါမှာ အဲဒီတိုင်းပြည် က ပြည်သူတွေ မနှစ်သက်တဲ့ အသုံးအနှုန်းကို မသုံးတာ ပိုကောင်းပါတယ်။ ယဉ်ယဉ်ကျေး ကျေးသုံးမယ်ဆိုရင် အစ္စလာမ်ဘာသာဝင် မွတ်စလင်များလို့ သုံးရင်လည်း ဖြစ်တာပဲ” ဟု ပြောသည်။
တရားလွှတ်တော်ရှေ့နေ ဦးကိုနီကမူ “အမေရိကန်သမ္မတဆိုတာမျိုးက အင်မတန်ကြီးတဲ့ရာထူးကို ရယူထားတဲ့သူ ဖြစ်တယ်။ ဒါမျိုးလူတစ်ယောက်ကို ကျွန်တော့် အနေနဲ့ ဘယ်လိုသုံးသင့်တယ်၊ မသုံးသင့်ဘူး ဆိုတာမျိုး မှတ်ချက်မပေးရဲပါဘူး။ သူသုံးသင့်တဲ့ စကားကို သူသုံးမှာပဲ။ သူပြောတဲ့ စကားကိုလည်း သူတာဝန်ယူမှာပါလိမ့်မယ်” ဟု မှတ်ချက်ပြုသည်။
အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအေးမောင်က “ဆန္ဒပြသင့်တဲ့ ကဏ္ဍဆိုရင်တော့ ဆန္ဒပြ သင့်တယ်။ ဒါပေမဲ့လည်း ရခိုင်တစ်မျိုးသားလုံး ဆတ်ဆတ်ထိ မခံတဲ့ လက်မခံနိုင်တဲ့ အသုံးအနှုန်းမျိုးကို သုံးသွားမယ်ဆိုရင်တော့ ကျွန်တော်တို့ပါတီ အနေနဲ့ ဒီအတိုင်းမနေပါဘူး။ တစ်ခုခု တုံ့ပြန်သွားမှာပါ”ဟု ဆိုသည်
ရခိုင်အမျိုးသားကွန်ရက်ဥက္ကဋ္ဌ ဦးတင် ထူးအောင်က “သမ္မတ အိုဘားမားအနေနဲ့ ဒီအသုံးအနှုန်းကိုပဲ ထပ်ပြီးသုံးမလား။ မြန်မာနိုင်ငံမှာမရှိတဲ့ လူမျိုးနာမည်ကို သုံးနှုန်းပြောဆိုလာမယ် ဆိုရင်တော့ ကျွန်တော် တို့ဘက်ကလည်း ကန့်ကွက်သင့် ကန့်ကွက်မယ်။ ရှုတ်ချသင့် ရှုတ်ချရမယ်၊ ဆန္ဒပြသင့် ရင်လည်း ဆန္ဒပြသွားမည်”ဟု ဆိုသည်။
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် တစ်ဦးဖြစ်သူ ရခိုင်အမတ် ဦးဖေသန်း ကလည်း ထိုသို့ သုံးနှုန်းလျှင် မည်သူ့ကိုမဆို ကန့်ကွက်သင့် သည်ဟု ပြောသည်။
နေပြည်တော်တွင် နိုဝင်ဘာ ၁၂ ရက် နှင့် ၁၃ ရက်၌ ကျင်းပမည့် ၂၅ ကြိမ်မြောက် အာဆီယံထိပ်သီး အစည်း အဝေးသို့ အမေရိကန် သမ္မတ အိုဘားမား တက်ရောက်ရန်ရှိပြီး နိုဝင်ဘာ ၁၄ ရက်တွင် ရန်ကုန် မြို့သို့ လာရောက်ရန်ရှိနေသည်။
ယင်းသို့ အချိန်တွင် အမေရိကန် သံရုံးမှတစ်ဆင့် ကြိုတင် အိတ်ဖွင့်ပေးစာ တစ်စောင်ပို့ရန် စီစဉ်နေသည်ဟု ကိုရဲမင်း ဦးကဆိုသည်။