မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံနယ်စပ်ကြား ခြံစည်းရိုးကာရန်ခြင်းနှင့် ဆက်စပ်လုပ်ငန်းများ အတွက် မြန်မာကျပ်ငွေ ၃၆ ဘီလီယံကျော် အသုံးပြုမည်ဟု ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်မှူးချုပ် ကျော်ဇံမြင့်က ပြောသည်။
ပြည်ထောင်စု၏ နောက်ထပ်ဘဏ္ဍာငွေ ခွဲဝေသုံးစွဲတွင် ပြည်ထဲရေးဝန်ကြီးဌာနက ကျပ်ဘီလီယံ ၃၉ ဒသမ ၂၅၅ တောင်းခံထားသည့် အနက် ၉၃ ဒသမ ၉၅ ရာခိုင်နှုန်းဖြစ်သည့် ၃၆ ဘီလီယံကျပ်ကျော်ကို အသုံးပြုရန် တင်ပြထားခြင်းဖြစ်သည်။
ဗိုလ်မှူးချုပ်ကျော်ဇံမြင့်က "ဖြည့်စွက်ကောက်ရာမှာ ကောက်ခံငွေရဲ့ ၉၃ ဒသမ ၉၅ ရာခိုင်နှုန်းဟာ မြန်မာ၊ ဘင်္ဂလားဒေ့ရှ်နဲ့ ခြံစည်းရိုးကာရန်ခြင်းနဲ့ ဆက်စပ်လုပ်ငန်းများအတွက် ကောက်ခံခြင်းဖြစ်ပါတယ်’’ ဟု ဆိုသည်။
ပြည်ထဲရေး ဝန်ကြီးဌာနသည် ၂၀၁၄- ၂၀၁၅ ခုနှစ်၊ ဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေ မူလခန့်မှန်းချေငွေ ကျပ် ၃၇ ဒသမ ရ၉၅ ဘီလီယံကျပ် ခွင့်ပြုလျာထားဆောင်ရွက်နေပြီး လုံလောက်မှုမရှိသည့်အတွက် ယခုကဲ့သို့ ထပ်မံတောင်းခံခြင်းဖြစ်သည်။
မြန်မာ- ဘင်္ဂလားဒေ့ရှ်နယ်စပ်သည် ကီလိုမီတာ ၃၂၀ ကျော်ရှည်လျားပြီး နတ်မြစ်တစ်လျှောက်သည် ကုန်ပစ္စည်းမှောင်ခိုများ၊ ခိုးဝင်မှုများ အများဆုံးပြုလုပ်သည့် နေရာဖြစ်သည်။
ရခိုင်ပြည်နယ်၊ အမှတ် ၁ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအေးမောင်က မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ် ခြံစည်းရိုးကာရာတွင် ဘူးသီးတောင်ဘက်ခြမ်း ကာရန်လိုအပ်နေခြင်းဖြစ်ပြီး မောင်တော ဘက်အခြမ်းတွင် ပြီးစီးစပြုနေသည်ဟု ဆိုသည်။
၎င်းက "သူတို့ ဘယ်လောက်အတိုင်းအတာအထိ လုပ်မယ်ဆိုတာတော့ ကျွန်တော်မသိသေးဘူး’’ ဟု ဆိုသည်။
ခြံစည်းရိုးကာရန်ရာတွင်လည်း ယခင်က အသုံးပြုသည့် ကွန်ကရစ်တိုင်များအစား ပိုမိုသယ်ဆောင်ရလွယ်ကူပြီး ပိုခိုင်ခန့်သည့် Steel Structure များကို သုံးစေလိုသည်ဟု အကြံပြုသည်။
၎င်းက "ခြံစည်းရိုးမလုံတော့ နယ်စပ်တွေကနေ ခိုးဝင်လာကြတာတွေ အများကြီးပဲ၊ လုပ်မယ်ဆိုလည်း ခိုင်ခိုင်ခန့်ခန့်နဲ့ တကယ်လုပ်စေချင်ပါတယ်’’ ဟု ဖြည့်စွက်ပြောသည်။