နိုင်ငံတကာ အန်ဂျီအိုများကို ကူညီခွင့်ပိတ်ပင်နိုင်သည့် ဥပဒေရှိသင့်ဟု ဦးလှဆွေပြော

နိုင်ငံတကာ အန်ဂျီအိုများကို ကူညီခွင့်ပိတ်ပင်နိုင်သည့် ဥပဒေရှိသင့်ဟု ဦးလှဆွေပြော
by -
မဇ္စျိမ

နိုင်ငံတကာ အကူအညီပေးရေးအဖွဲ့များ အနေဖြင့် သွယ်ဝိုက်သော နည်းလမ်းဖြင့် ပြည်တွင်းရေးကို စွတ်ဖက်မှုများရှိပါက အကူအညီပေးခွင့် ပိတ်ပင်နိုင်သည့် ဥပဒေများ ရှိသင့်သည် ဟု ကြံခိုင်ရေးပါတီ၏ မကွေးတိုင်း လွှတ်တော်ကိုယ်စားလှယ် ဦးလှဆွေက နိုဝင်ဘာ ၈ ရက်က တော်ဝင်နှင်းဆီခမ်းမ တွင် ပြောကြားလိုက်သည်။

ပြည်တွင်းစစ်ကို အခြေခံ၍ အကူအညီပေးနေသော အဖွဲ့အစည်းများထဲတွင် သွယ်ဝိုက်သော နည်းဖြင့် ဆိုးကျိုးဖြစ်စေမည့် အကူအညီပေးရေး အဖွဲ့များရှိပြီး ထိုအဖွဲ့များကို ကူညီခွင့်ပိတ်ပင်မည့် ဥပဒေ ပြဌာန်းသင့် သည်ဟု သူကဆိုသည်။

“ဒုက္ခသည်တွေကို ကူညီတယ်ဆိုပြီး ဆန်ဆီဆားပဲ လေးမျိုးပေးနေတဲ့ အဖွဲ့အစည်းတွေရှိတယ်။ ဆန်ဆီဆားပဲ ဆိုလည်း အဲဒါရောင်းပြီး ကျဉ်ဆန်ဝယ်လို့ရတယ်လေ။ ဒီလူကြီးတွေဆို လူဆိုးကြီးတွေပေါ့။ ဒီလိုကြီးတွေကို မြန်မာကို မဝင်ရဆိုတဲ့ ဆန်ရှင်မရှိဘူး။ ဥပဒေမရှိဘူး၊”ဟု ဦးလှဆွေက ပြောသည်။

“ဒီအဖွဲ့တွေအတွက် ဆန်ရှင် ဥပဒေရှိသင့်တယ်၊ ကျွန်တော် ပါတီမှာတင်ပြီးဆွေးနွေးမယ်”ဟု သူက ဆက်ပြောသည်။

တိုင်းရင်းသားဒေသများတွင် ဖြစ်ပွားခဲ့သော စစ်ပွဲများတွင် အနောက်နိုင်ငံများက ပတ်သက်မှုအချို့ရှိသည်ဟု လည်း သူကပြောသည်။

“ကျွန်တော်တို့ တိုက်ပွဲ ဖြစ်လို့ရတဲ့ သေနတ်ကM16 မိတ်အင် USA ဗျ။ မိုင်းမှာ ရှာလို့တွေ့့ရင်M14 က USA ဗျ။ အမေရိကန် က ရော့လို့လာမပေးတာ မမြင်ဘူးဗျ။ သူတို့ကမပို့ရင်တော့ တစ်ယောက်ယောက်က ပို့တာဖြစ်မှာပေါ့။”ဟု ဦးလှဆွေ က ပြောသည်။

ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ၏ ခေါင်းဆောင်တစ်ဦးဖြစ်သည့် စက်မှု (၁) ဝန်ကြီးဟောင်း ဦးအောင်သောင်းကို အမေရိကန် အစိုးရက အမည်ပျက်စာရင်း သွင်းခဲ့သည်။

ကုလသမဂ္ဂ မြန်မာနိုင်ငံဆိုင်ရာ ပြောခွင့်ရ ပုဂ္ဂိုလ် ဦးအေးဝင်းက "နိုင်ငံတကာ အဖွဲ့အစည်းတွေက အစိုရရဲ့ ဖိတ်ခေါ်မှုနဲ့ ဝင်လာတာဖြစ်ပြီး သဘောတူစာချုပ် ချုပ်ဆိုပြီးမှ လုပ်ကြတာဖြစ်ပါတယ်၊ ကျန်တာတော့ ပြောစရာမလိုဘူးထင်ပါတယ်”ဟု ပြောသည်။

မြန်မာနိုင်ငံတွင် နာဂစ်မုန်တိုင်း ဖြစ်ပွားစဉ်က နိုင်ငံတကာ အကူအညီပေးရေး အဖွဲ့များ၏ အကူအညီများ လာရောက်ရန် ကမ်းလှမ်းမှုကို ဗိုလ်ချုပ်မှူးကြီး ဦးသန်းရွှေ ဦးဆောင်သည့် စစ်အစိုးရ အဖွဲ့က ပိတ်ပင်ခဲ့သေး သည်။