ပုဂံ ရှေးဟောင်း ယဉ်ကျေးမှုဇုန်အတွင်း တည်ဆောက်ထားသော ဟိုတယ်အလုံးရေ ၂၀ ကျော်ကို စိစစ် ဖယ်ရှားပေးရန် သမ္မတထံ နိုဝင်ဘာ ဒုတိယပတ် အတွင်းစာတင်သွားမည်ဟု ပုဂံချစ်သူများအဖွဲ့ဝင် ဦးချင်းဘိုက နိုဝင်ဘာ ရ ရက်တွင် မဇ္ဈိမကို ပြောသည်။
ပုဂံရှေးဟောင်းနယ်မြေအတွင်းရှိ ဟိုတယ် ၂၂ လုံးတည်ဆောက်ထားရှိပြီး အချို့မှာ ဖွင့်လှစ်ပြီးဖြစ်သော် လည်း အချို့မှာ ဖွင့်လှစ်ခြင်းမရှိသေးဟု ဆိုသည်။
ဦးချင်းဘိုက “စေတီပုထိုးတွေကို ဟိုတယ်ဧရိယာထဲ ထည့်ဆောက်တာတွေ၊ ရှေးဟောင်းလက်ရာတွေ အနားမှာ ရေကူးကန်တွေ တည်ဆောက်တာတွေက စီးပွားရေးအတွက်ပဲ ကြည့်ပြီး ထိန်းသိမ်းရမှန်း မသိတာတွေ ဖြစ်တဲ့အတွက် ပြန်စိစစ်ပြီး ဖယ်သင့်တာ ဖယ်ပေးဖို့တင်ပြတာ”ဟု ပြောသည်။ ထိုသို့ တင်ပြမှုအပြီး ရက်ပေါင်း ၅၀ အတွင်း စိစစ်မှုမရှိပါက ဒေသခံများ စုပေါင်းကန့်ကွက်မည် ဟုလည်းဆိုသည်။
ပုဂံ ဟိုတယ်ဇုန်ဥက္ကဋ္ဌ ဦးသန်းရွှေက “ရှေးဟောင်းနယ်မြေတွေကို အတင်းယူ ထားတာမရှိဘူး။ အဲဒီလို လုပ်လို့လည်း မရဘူး”ဟု ဆိုသည်။
ရှေးဟောင်းယဉ်ကျေးမှု နယ်မြေများအတွင်း ဟိုတယ်ဆောက်လုပ်ခြင်းနှင့် ပတ်သက်ပြီး ပုဂံချစ်သူများအ ဖွဲ့က ဟိုတယ်ဝင်းများအတွင်း ရောက်ရှိနေသော စေတီပုထိုးများအား လူမျိုးဘာသာမရွေး ဖူးမြော်နိုင်ရေး၊ ဟိုတယ်အတွင်းရှိ စေတီပုထိုးများအား ပြန်လည်ထုတ်ဖော်မပေးပါက စေတီပုထိုး အနီးတိုးချဲ့ တည် ဆောက်ထားသည့် ဟိုတယ်များ ဖျက်သိမ်းပေးရေး အချက် နှစ်ချက်ကိုလည်း နိုဝင်ဘာပထမပတ်က ထုတ်ပြန် တောင်းဆိုထားသေးသည်။“
ပုဂံချစ်သူများအဖွဲ့ဝင် ဦးဝင်းမောင်က “ပုဂံကို ကမ္ဘာ့ ရှေးဟောင်းအမွေအနှစ် စာရင်းဝင်ဖို့ ကြိုးစားနေတဲ့အ ချိန်မှာ ဒီဟိုတယ်တွေက အနှောင့်အယှက်ဖြစ်နေတယ်”ဟု ပြောသည်။
ပုဂံ ယဉ်ကျေးမှုဇုန်အတွင်း ဆောက်လုပ်ထားသော ဟိုတယ်များအနက် ဧရာဟိုတယ်၊ သဇင်ဟိုတယ်၊ ပုဂံ-သံတဲဟိုတယ်၊ ထန်းဥယျာဉ်ဟိုတယ်၊ Advanture Travel & Tour ၊ အမတဟိုတယ်၊ ဆာကူရာ ဟိုတယ်နှင့် BBB စားသောက်ဆိုင်တို့မှာ ယဉ်ကျေးမှုဇုန်အတွင်းရှိ ရှေးဟောင်းလက်ရာများ၊ စေတီပုထိုးများကို ဟိုတယ်ဧရိယာအတွင်း သွတ်သွင်းထားသည်ဟု ပုဂံချစ်သူအဖွဲ့က ဆိုသည်။
လက်ရှိတွင် ပုဂံနှင့်အနီးတစ်ဝိုက်၌ လုပ်ကိုင်လျက်ရှိသော ဟိုတယ်လုပ်ငန်း အရေအတွက် ၁၅၀ ကျော်ရှိ ပြီး ဆောက်လုပ်နေဆဲ ဟိုတယ် အရေအတွက် ၄၀ ကျော်ရှိသည်ဟု ဆိုသည်။
ယင်းအနက် ယဉ်ကျေးမှုနယ်မြေအတွင်း ဆောက်လုပ်ထားသော ဟိုတယ် နှစ်လုံးကို ယဉ်ကျေးမှု ဝန်ကြီးဌာနက လုပ်ခွင့် ပိတ်ခဲ့သေးသည်။ ပုဂံချစ်သူများအဖွဲ့ကို ၂၀၁၂ ခုနှစ် မတ်လက ဖွဲ့စည်းခဲ့ခြင်း ဖြစ်ကာ အဖွဲ့ဝင် ရ၀ ခန့် ရှိသည်။