မြေယာခွဲဝေအသုံးချမှု စစ်ဆေးဆောင်ရွက်ရေး ကော်မတီကရေးဆွဲထားသည့် အမျိုးသား မြေအသုံး ချမှု မူဝါဒ(မူကြမ်း)ကို ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းက လက်မခံဟု နိုဝင်ဘာလ ရ ရက် ၌ တရားဝင်ထုတ်ပြန်သည်။
ယင်းမူကြမ်းသည် လုပ်ငန်းရှင်ကြီးများ၏ အကျိုးအမြတ် တိုးပွားစေရန်သာ အသားပေးရေးဆွဲထားသဖြင့် အဆိုပါ ပွင့်လင်းလူ့အဖွဲ့အစည်း၊ လယ်ယာစီးပွား တောင်သူလယ်သမားရေးရာဌာနက လက်မခံကြောင်း ယင်းရုံးတွင် နိုဝင်ဘာ ရ ရက်က ကျင်းပသည့် သတင်းစာရှင်းလင်းပွဲ၌ ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။
ကန့်ကွက်သည့် သဘောထားနှင့် အသစ်ပြန်လည် ရေးဆွဲပေးရန် ရေးသားထားသည့် အဆိုပါထုတ်ပြန် ချက်ကို မူကြမ်းရေးဆွဲသည့် အမျိုးသားမြေအရင်းအမြစ် စီမံခန့်ခွဲမှု ကော်မတီထံ ပေးပို့မည် ဖြစ်သည်။
လယ်ယာစီးပွား တောင်သူလယ်သမားရေးရာဌာန ခေါင်းဆောင် ကိုထွန်းမြင့်အောင်က “မြေအသုံးချမှု မူဝါ ဒက စစ်တပ်ရဲ့မြေအသုံးချမှုအပေါ် ဘယ်လောက်ထိ လွှမ်းမိုးနေလဲဆိုတာတွေ အတိအကျ ရေးထားတာ မတွေ့ရဘူး။ အသစ်ပြန်ရေးဆွဲဖို့ ကော်မတီဆီကို စာပေးပို့သွားမှာပါ” ဟု ပြောသည်။
မူကြမ်းရေးဆွဲနေစဉ် ပြည်သူသို့ သတင်းစာ၊ ရေဒီယိုမှတစ်ဆင့် တင်ပြမဆွေးနွေးဘဲ လူများစုလက်လှမ်း မမီသည့် အင်တာနက် ၀က်ဘ်ဆိုက်တွင်တင်ပြီး လူထုအကြံရယူရန် ပြည်နယ်နှင့် တိုင်းတစ်ခုလျှင် တစ်ရက်နှုန်းဖြင့်သာ ဆွေးနွေးသွားခဲ့ခြင်းကို ကန့်ကွက်သည်ဟုလည်း ၎င်းကပြောသည်။
ကိုထွန်းမြင့်အောင်က “လက်မခံတဲ့စာကို နို၀င်ဘာ ၁၀ ရက်မှာ ပို့မှာပါ။ ကော်မတီဘက်က အကြောင်း မပြန်ရင် အရပ်ဘက်အဖွဲ့အစည်းတွေ၊ ပညာရှင်တွေနဲ့ ညှိနှိုင်းပြီး မူကြမ်းတစ်ခုကို ပွင့်လင်းလူ့ အဖွဲ့အစည်းနှင့် ၈၈ မျိုးဆက်က ထပ်ရေးဆွဲမှာပါ”ဟု ပြောသည်။
ယင်းမူကြမ်းကို တိုင်းရင်းသားလူမျိုး ပေါင်းစုံ၊ နိုင်ငံသားအားလုံး၏ အခွင့်အရေးနှင့် အကျိုးစီးပွားကို အခြေခံရေးဆွဲသွား မည်ဟု ၎င်းက ဆိုသည်။
မြေမဲ့ယာမဲ့များကို မြေယာဝေခြမ်းရန် နှင့် လုပ်ကွက်ငယ်လယ်သမားများ၏ မြေယာအပေါ် အသက်မွေးဝမ်းကျောင်းပြုမှု ကို အထောက်အပံ့ဖြစ်စေရန် အလေးထားဖော် ပြမထားခြင်းနှင့် တန်ဖိုးနည်းအိမ်ရာ စီမံ ကိန်းများသည် လက်တွေ့ တွင် ငွေရှင်၊ ကြေးရှင်များ၏ စျေးကစားနိုင်ရုံသာ ဖြစ်ပြီး အိုးမဲ့အိမ်မဲ့များ၏ နေရေးထိုင်ရေး ပြဿနာ ကို လက်တွေ့ဖြေရှင်းနိုင်မည့် အစီအစဉ် ဖော်ပြမထားခြင်း၊ မပါရှိခြင်းတို့ကြောင့် ကန့်ကွက်သည်ဟု လယ်ယာစီးပွား တောင်သူလယ်သမား ရေးရာဌာန၊ အဖွဲ့ဝင် ဦးမျိုးသန့်က ဆိုသည်။
တဖန် အများပြည်သူပိုင် အားကစားကွင်းများ၊ ပန်းခြံများ ၊ စားကျက်မြေများ အလွဲသုံးစားပြု ခံနေရသည် များနှင့် ပတ်သက်၍ အကာအကွယ်ပြုမည့် အချက်များ မပါရှိခြင်းတို့ကြောင့်လည်း ကန့်ကွက်သည်ဟု ၎င်း က ဆိုသည်။