ရခိုင်ပြည်နယ် အနောက်ဘက်နယ်စပ် မောင်တောမြို့နယ်ရှိ ၀က်ကျိန်းဓာတ်တော်စေတီ ဆီမီးတစ်ထောင်၊ ပန်းတစ်ထောင် ပူဇော်ပွဲကို ရှေးရိုးရာ ဓလေ့ထုံးတန်းစဉ်လာများနှင့် အညီ တန်ဆောင်မုန်းလပြည့်နေ့က ရခိုင်တိုင်းရင်းသားများက စုပေါင်း ကျင်းပခဲ့ကြသည်။
“၀က်ကျိန်းဓာတ်တော်က မောင်တောမြို့နယ်အတွင်း သမိုင်းဝင် စေတီတော် တစ်ဆူ ဖြစ်ပါတယ်။ ဒီဘုရားပွဲကို နှစ်စဉ် နှစ်တိုင်းကျင်းပလာရာမှာ ဒီနှစ်မှာတော့ တတိယ အကြိမ်မြောက် ဖြစ်ပါတယ်။ ရခိုင်တိုင်းရင်းသားမျိုးနွယ်စုတွေက ဒေသဆိုင်ရာ တပ်မတော် အကြီးအကဲတွေရဲ့ အကူအညီတွေနဲ့ တန်ဆောင်မုန်းလပြည့်နေ့တိုင်း ဒီဘုရားပွဲကို စည်ကား သိုက်မြိုက်စွာ ကျင်းပနေပါတယ်” ဟု တောင်ပြိုမြို့နယ်ခွဲ အရပ်ဘက် လူမူအဖွဲ့အစည်း ခေါင်းဆောင် တစ်ဦးဖြစ်သူ ဦးထွန်းဝင်းက ပြောသည်။
မောင်တောမြို့နယ်တွင် ရခိုင်တိုင်းရင်းသားများမှာ ယခုအခါ လူနည်းစု ဖြစ်နေပြီး လုံခြံုရေးအရ အားနည်းမူများ ရှိနေသော်လည်း ဒေသအတွင်းက တပ်မတော်နဲ့ ခရိုင်၊ မြို့နယ် အဆင့်အရာရှိများ၏ အကူအညီများဖြင့် တန်ဆောင်မုန်း လပြည့်နေ့က ယင်းဘုရားပွဲတော်အား ကျင်းပရာ ယခုနှစ်တွင်လည်း အထူးစည်ကားခဲ့သည်ဟု သိရသည်။
“ ဘူးသီးတောင် အခြေစိုက် စကခ ၁၅ မှ တပ်မမှူး ဗိုလ်မှူးချုပ်ခင်ဇော်ကိုယ်တိုင် သူရဲ့ ဇနီးနဲ့အတူ ဘုရားပွဲကို တက်ရောက်ဆင်နွဲ ပါတယ်။ တခြား ခရိုင် /မြို့နယ် အဆင့်ဌာနဆိုင်ရာ အရာရှိကြီးတွေ၊ အစိုးရ ၀န်ထမ်းတွေ၊ ဒေသခံတိုင်းရင်းသားတွေ တက်ရောက်ကြပါတယ်။ ရခိုင်၊ မြို၊ ဒိုင်းနက်၊ သက် စတဲ့ တိုင်းရင်းသား လူထု ၅၀၀၀ ခန့်ရောက်ပါတယ်” ဟု ဆိုသည်။
ယင်း ၀က်ကျိန်းဘုရား ဆီးမီးတစ်ထောင်၊ ပန်းတစ်ထောင် ပူဇော်ပွဲတွင် ၀က်ကျိန်း တောရဆရာတော်အား ကထိ်န်သင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများဆက်ကပ်ကြသည်။
တန်ဆောင်မုန်းလပြည့် (နိုဝင်ဘာလ ၆ ရက်) နေ့လည်ပိုင်းတွင် ရခိုင်ရိုးရာကျင်ကိုင်ပွဲကို ကျင်းပရာ ရန်အောင်ပြင် ကျေးရွာမှ ပထမ၊ ချောတိုင်တက်ပွဲတွင် အောက်ပြူးမကျေးရွာမှပထမ ရရှိပြီး လွန်ဆွဲပွဲတွင် လောင်းဒုံကျေးရွာမှ ပထမ ဆုတို့ အသီးသီးရရှိခဲ့ကြသည်ဟု သိရသည်။
ဆုရရှိသည့် ကျေးရွာများအား နယ်မြေခံတပ်ရင်းမှုး ဒုတိယဗိုလ်မှူးကြီးနေဇင်လတ်နှင့် တောင်ပြိုမြို့အုုပ်ချုပ်ရေးမှူးဦးအောင်ကျော်စိုးတိုမှ အသီးသီး ဆုများ ပေးအပ်ခဲ့ကြသည်ဟု ဆိုသည် ။
ညပိုင်းတွင် ယဉ်ကျေးမှု ပဒေသာကပွဲကို ဆက်လက်ကျင်းပရာ မြို၊ သက်၊ ရခိုင်၊ ဗမာယဉ်ကျေးမှု အကများဖြင့် ဧည့်ခံဖျော်ဖြေခဲ့ကြသည်။
ရခိုင်ပြည်နယ် မောင်တောမြို့နယ်နှင့် ဘင်္ဂလာဒေချ့် အနောက်ဘက် နတ်မြစ်ကမ်းခြေ တစ်လျှောက်တွင် ဘုရားရှင် ဓာတ်တော်များ ဖြင့် တည်ထားကိုးကွယ်ခဲ့သော ရှေးဟောင်း စေတီအများအပြားရှိ ရာ မောင်တောမြို့နယ် မြောက်ပိုင်း အောင်စစ်ပြင် ကျေးရွာအုပ်စုရှိ သမိုင်းဝင် ၀က်ကျိန်းဓာတ်စေတီလည်းပါ၀င်သည်။
သို့သော်လည်း အများစု စေတီတော်များမှာ မသမာသူများ၏ လက်ချက်ဖြင့် ပြိုပျက်ခဲ့ရပြီး အများပြည်သူများမှာ သွားရောက် ဖူးမျှော်နိုင်ခြင်း မရှိတော့ကြောင်း သိရသည်။