မိုးနည်း၍ ကန်ရေများ စနစ်တကျ မသုံးစွဲပါက နွေရာသီတွင် ပေါက်တော၌ ရေရှားနိုင်

မိုးနည်း၍ ကန်ရေများ စနစ်တကျ မသုံးစွဲပါက နွေရာသီတွင် ပေါက်တော၌ ရေရှားနိုင်
by -
နိရဥ္စရာ

ယခုနှစ် မိုးရာသီတွင် မိုးနည်း၍ ကန်ရေများ မပြည့်ခဲ့သဖြင့် ပေါက်တောမြို့ပေါ် ရပ်ကွက်များတွင် အသုံးပြုနေကြသော ရေကန်များမှ ရေကို စနစ်တကျ ခွဲဝေ မသုံးစွဲပါက လာမည့် နွေရာသီ တွင် ပေါက်တောမြို့၌ ရေရှားနိုင်ကြောင်း ပေါက်တောမြို့ လူမူကွန်ယက် ဥက္ကဌ ဦးကျော်ဝင်းက ပြောသည်။

ပေါက်တောမြို့တွင် ကျောက်ဆိပ်ရေလှောင်ကန်မှ ရေကို မြို့နယ် စည်ပင်မှ ပိုက်လုံးများဖြင့် ဖြန့်ဝေပေးရာတွင် ရပ်ကွက် ၁၊ ၂ နှင့် ၃ ကိုသာဖြန့်ဝေနိုင်ပြီး ရပ်ကွက် ၄ နှင့် ၅ကို ဖြန့်ဝေနိုင်ခြင်းမရှိသေးကြောင်း သိရသည်။

ပေါက်တောမြို့ မြင်ကွင်း (ဓါတ်ပုံ- နိရဥ္စရာ)

စည်ပင်မှ ရေဖြန့်ဝေမူကို မရရှိသော ပေါက်တောမြို့ပေါ် ရပ်ကွက်အချို့မှ ဒေသခံများသည် အနီးအနားမှ ပြည်သူများ အသုံးပြုရန် တည်ဆောက်ထားသော ရေလှောင်ကန်များမှ ရေများကို ပိုက်လုံးများဖြင့် ခွင့်ပြုချက်မရှိဘဲ သွယ်တန်းကာ အသုံးပြုနေကြသည်ဟု ဆိုသည်။

“ ဒီလို ပိုက်လုံးတွေနဲ့ ရေကို သုံးနေကြတဲ့ သူအချို့ရှိတယ်။ ဒီလို မလုပ်ကြဖို့ အသံချဲ့စက်နဲ့ မြို့ကိုပတ်ပြီး ကျနော်တို့ သတိပေးမူတွေ လုပ်တယ်။ မလိုက်နာကြဘူး။ ဒါ့အပြင် ဆန့်ကျင်မူတွေ လုပ်တာတောင်ခံရသေးတယ်။ ဒါကြောင့် ဒီကိစ္စကို မြို့နယ် ထွေအုပ်ဆီကို တင်ပြထားပါတယ်” ဟု နိရဥ္စရာက ဆက်သွယ်မေးမြန်းစဉ် မြို့နယ် စည်ပင် အမူဆောင် အရာရှိ ဦးကျော်အေးက ပြောသည်။

ကျောက်ဆိပ်ဆည်အပြင် ပေါက်တောမြို့ပေါ် ရပ်ကွက်များအနေဖြင့် ရေကန်အများအပြားကို အသုံးပြုနေကြရာတွင် အနည်းဆုံး ရေကန် (၅) ကန်မှ တစ်ကန်စီလျှင်  အနည်းဆုံး ပိုက်လုံး ၂၀ မှ ၃၀ ထိ သွယ်တန်းကာ ရေများကို မိမိသဘောဖြင့် မိမိ ဖြန့်ဝေနေကြသည်ဟု သူက ဆက်ဆိုသည်။

ယခုကဲ့သို့ ရေများကို ပိုက်လုံးများဖြင့် သွယ်တန်း ရယူနေခြင်းမှာ အချိန်တိုအတွင်း ရေများကို လိုသလို အသုံးပြုနိုင်ရန်နှင့် ရေအငှားထမ်းခိုင်းလျှင် ငွေကြေးအကုန်အကျများ၍ ဖြစ်ကြောင်း လူမူကွန်ယက် ဥက္ကဌ ဦးကျော်ဝင်းက ပြောဆိုသည်။

“ အဓိကတော့ ရေအဌားထမ်းခိုင်းရင် ပိုက်ဆံကုန်တယ်။ လိုအပ်တဲ့ အချိန်မှာလည်း မရဘူး။ ဒါကြောင့် ပိုက်လုံးတွေကို အလွယ်တကူ တပ်ဆင်ပြီး အသုံးပြုနေကြတာ ဖြစ်ပါတယ်” ဟု ဆိုသည်။

ထိုကဲ့သို့ ရေများကို ပိုက်လုံးများဖြင့် သွယ်တန်းရယူနေသဖြင့် ရေများ ယိုဖိတ်ကာ အလေအလွှင့် များနေပြီး  ကန်ဘောင်ရိုးများ ပျက်စီးခြင်းလည်း ရှိနေသည်ဟု သူက ဆိုသည်။

ပိုက်လုံးဖြင့် ရေသွယ် ရယူနေသော မြို့ခံ တစ်ဦးကမူ ပိုက်လုံးဖြင့် သွယ်သွယ်၊ အဌားထမ်းခိုင်း ထမ်းခိုင်း သုံးစွဲသော ရေပမာဏမှာ အတူတူ ဖြစ်သဖြင့် မထူးခြားဟု ပြောဆိုသည်။

“ ပိုက်လုံးနဲ့ ရေသွယ်ပြီး သုံးတာဘဲ ဖြစ်ဖြစ်၊ အဌားရေထမ်းခိုင်းလို့ သုံးစွဲတာဘဲ ဖြစ်ဖြစ် ရေသုံးစွဲတဲ့ ပမာဏက အတူတူဘဲ။ ကျွန်တော်တို့အနေနဲ့ ရေသွယ်ဖို့ အတွက် ပိုက်လုံးတွေ အသုံးပြုရာမှာ လည်း ငွေ လေးငါးခြောက်ထောင်တောင် ကုန်ကျသေးတယ်။ ဒါကို စည်ပင်က ခေါ်ယူပြီး ဟန့်တားတယ်။ ကျနော်တို့က မလိုက်နာနိုင်ဘူး” ဟု ဆိုသည်။

ပေါက်တောမြို့တွင် တည်ဆောက်ထားသော ကျောက်ဆိပ်ရေလှောင်ကန်မှာ သိုလှောင်ထားသော ရေပ မာဏနည်ပြီး နေရာမှာလည်း ကျဉ်းသဖြင့် ပေါက်တော တစ်မြို့လုံးကို ရေပေးဝေရန် မဖြစ်နိုင်သေးသဖြင့် ရေ ကန်များမှ ရေကို စနစ်တကျ ခွဲဝေသုံးစွဲရန် လိုကြောင်း  မြို့နယ် စည်ပင် အမူဆောင် အရာရှိ ဦးကျော်အေးက ဆက်လက် ပြောဆိုသည်။

“ ကျွန်တော်တို့ကတော့ ပေါက်တောမြို့သူ မြို့သားတွေ နွေရာသီမှာ ရေအခက်အခဲမရှိစေချင်ဘူး။ ဒါကြောင့် ပေါက်တော တစ်မြို့လုံးကို စနစ်တကျ ပိုက်လုံးတွေနဲ့ ရေဖြန့်ဝေ ပေးနိုင်အောင် ရခိုင်ပြည်နယ် အစိုးရဆီကို ဘတ်ဂျက် သိန်းပေါင်း ၁၈၀၀ တင်ပြထားပါတယ်။ ၂၀၁၅-၂၀၁၆ မှာ ဘတ်ဂျက် ချပေးမယ်လို့ သိရပါတယ်။ ဒါ့ပြင် ကန်ကို တိုးချဲ့နိုင်အောင်လည်း ဆည်မြောင်း ဦးစီးဌာနကို တင်ပြတောင်းခံဖို့ စီစဉ်ထားပါတယ်” ဟု အမူဆောင်အရာရှိက ဆိုသည်။

ပေါက်တောမြို့တွင် နှစ်စဉ် နွေရာသီတွင် ရေရှားပါးလေ့ရှိပြီး ယခုနှစ်တွင် မိုးနည်းခဲ့သဖြင့် ယခင်နှစ်ကထက် ပိုမို ရေရှားပါးမည်ကို မြို့ခံ လူထုက အထူး စိုးရိမ်လျှက် ရှိနေကြသည်ဟု သိရသည်။

Most read this week