ကိုပါကြီးအလောင်းကို မော်လမြိုင်ဆေးရုံကြီးတွင် စစ်ဆေးရာတွင် သေနတ်ဒဏ်ရာ ငါးချက်တွေ့ရှိကြောင်း ခွဲစိတ်ရာတွင် ပါဝင်သည့် ဆရာဝန်များက ပြောသည်ဟု ကိုပါကြီးသေဆုံးမှုကို ကူညီပေးနေသူ အမျိုးသမီး ကွန်ရက်အဖွဲ့ဝင် ဒေါ်နော်အုန်းလှက မဇ္စျိမကို ပြောသည်။
“ဦးခေါင်းအနောက်ဖက်၊ မေးရိုး၊ နောက်ကျော၊ ပေါင်နဲ့ ခြေဖနောင့်မှာ သေနတ်ဒဏ်ရာတွေ တွေ့တယ်တဲ့ ပြောတာပဲ” ဟုဒေါ်နော်အုန်းလှက ပြောသည်။
ကိုပါကြီး အလောင်းအား ခွဲစိတ်ကုသရာတွင် မော်လမြိုင်ဆေးရုံမှ ဆရာဝန်တစ်ဦး၊ ဘားအံမှ ဆရာဝန်တစ်ဦး နှင့် ရန်ကုန်မှ ဆရာဝန်တစ်ဦးတို့က ခွဲစိတ်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းကပြောသည်။
အလောင်းဆေးစစ်ချက်ကို ကျိုက်မရောရဲစခန်းသို့ ယူဆောင်မည်ဖြစ်ပြီး အလောင်းအား ရန်ကုန်သို့ ပြန်သယ်ဆောင်ရန် ကိစ္စကို ညှိနှိုင်းသွားမည်ဟု နော်အုန်းလှက ဆိုသည်။
ကိုပါကြီးအလောင်း ရန်ကုန် သယ်ဆောင်မည့်ကိစ္စနှင့် ပတ်သက်၍ နိုဝင်ဘာ ၅ ရက် ညနေပိုင်းတွင် အမည်မသိ သံဃာ ၈ ပါးက မွန်ရိုးရာဓလေ့အရ မြို့ရွာများကို ဖြတ်သန်းသယ်ဆောင်ခွင့်မပြုနိုင်ဟု လာရောက်တားမြစ်ကြခဲ့ကြသည်။
ထို့ပြင် နိုဝင်ဘာ ၆ ရက် နံနက်ပိုင်းကလည်း မော်လမြိုင်မြို့နယ် အထောက်အကူပြုအဖွဲ့နှင့် ရပ်မိရပ်ဖအချို့ကလည်း လာရောက် တားမြစ်ခဲ့သည်ဟု ဆိုသည်။
သို့သော် ဇနီးဖြစ်သူ ဒေါ်သန္တာ၏ ဆန္ဒအရ ကိုပါကြီးအလောင်းကို ရန်ကုန်သို့ သယ်ဆောင်၍ သင်္ဂြိုဟ်သွားမည် ဖြစ်သည်။