လူ့အခွင့်အရေးဆိုင်ရာ သမ္မတမိန့်ခွန်း ရခိုင်ခေါင်းဆောင်တို့ ဝေဖန်

လူ့အခွင့်အရေးဆိုင်ရာ သမ္မတမိန့်ခွန်း ရခိုင်ခေါင်းဆောင်တို့ ဝေဖန်
by -
မဇ္စျိမ

နိုဝင်ဘာ ၅ ရက် နံနက်ပိုင်းက နိုင်ငံတော် သမ္မတ ဦးသိန်းစိန် ပြောကြားခဲ့သည့် မိန့်ခွန်းတွင် ရခိုင်ပြည်နယ် အရေးနှင့် ပတ်သက်ပြီး လူ့အခွင့်အရေး အရေးကြီးကြောင်း မှတ်ချက်ပြုခဲ့သည့်အတွက် သမ္မတကို ရခိုင် နိုင်ငံရေးသမားများက ဝေဖန်ခဲ့ကြသည်။

သမ္မတကမိန့်ခွန်းပြောကြားရာတွင် “ရခိုင်ပြည်နယ်အရေးနဲ့ ဆက်စပ်ပြီး လက်ရှိအခြေအနေများကို ပြောကြား လိုပါတယ်။ ရခိုင်ပြည်နယ်မှာ တင်မဟုတ်ဘဲ ပြည်ထောင်စု တစ်ဝန်းလုံးမှာမှီတင်းနေထိုင်ကြတဲ့ မည်သည့် လူမျိုး၊ မည်သည့် ဘာသာဝင်မဆို နိုင်ငံသားဖြစ်ခြင်း၊ မဖြစ်ခြင်းနဲ့ မသက်ဆိုင်ဘဲ လူသားတစ်ဦးအတွက် ရသင့်ရထိုက်တဲ့ လူ့ဂုဏ်သိက္ခာနဲ့ ထိုက်တန်တဲ့ အခြေခံ လူ့အခွင့်အရေးတွေ ရရှိဖို့အရေးကြီးပါ တယ်” ဟု ပြောကြားခဲ့သည်။

Bangali-people-received-citizenship-in-Rakhine-State-1

နိုင်ငံသား အခွင့်အရေးနဲ့ လူ့အခွင့်အရေး

သမ္မတ၏ မိန့်ခွန်းကြောင့် လူ့အခွင့်အရေး အကြောင်းပြချက်ဖြင့် နိုင်ငံသား အခွင့်အရေးကို ထိခိုက်လာဖွယ် ရှိခြင်းကြောင့် ဝေဖန်ရခြင်းဖြစ် သည်ဟု ရခိုင်အမျိုးသား ပါတီ ခေါင်းဆောင်တစ်ဦးဖြစ်သူ ဦးအေးသာအောင် က မဇ္ဈိမကို ပြောသည်။

“ခိုးဝင်လာတဲ့သူတွေကို လူသားချင်း စာနာထောက်ထားတယ် ဆိုပေမယ့် နိုင်ငံသားတွေနဲ့ တစ်တန်းတည်း ထားပြီးတော့ ဆက်ဆံဆောင်ရွက်ဖို့ မသင့်ဘူးလို့ မြင်ပါတယ်” ဟု ၎င်းကဆိုသည်။

ရခိုင်တိုင်းရင်းသား ပြည်သူ့လွှတ်တော် အမတ်ဦးဖေသန်းကလည်း လူ့အခွင့်အရေးထက် နိုင်ငံသား အခွင့်အရေးနှင့် အမျိုးသားလုံခြံုရေးကို ပိုမိုအလေးထားရန် လိုအပ်ကြောင်း ဝေဖန်ပြောဆိုလိုက်သည်။

“အမေရိကန်အပါအဝင် ကမ္ဘာ့နိုင်ငံအားလုံးလိုလိုဟာ သူ့နိုင်ငံလုံခြံုရေး၊ သူ့အမျိုးသားလုံခြံုရေးကိုပိုဦး စား ပေး တယ်ဆိုတာ တွေ့နေရပါတယ်။ ဒီတော့လူ့အခွင့်အရေးဆိုတာရှိပေမယ့် သူ့နိုင်ငံအမျိုးသားရေး ကိုပိုပြီး တော့ ဇောင်းပေးတာကိုတွေ့နိုင်ပါတယ်။ ကျွန်တော်တို့အစိုးရကိုယ်တိုင်ကလူ့အခွင့်အရေး ချိုးဖောက်ခဲ့တာတွေရှိပါတယ်။

 ဆန္ဒပြကြတဲ့အခါမှာပြတ်ပြတ်သားသားနှိမ်နင်းခဲ့တာတွေရှိပါတယ်။ လူ့အခွင့်အရေးကို အသိအမှတ်ပြုရ မှာ ဖြစ်ပေမယ့် တချို့ဥပဒေတွေပြဋ္ဌာန်းတဲ့ အခါမှာ ကိုယ့်နိုင်ငံတည်မြဲရေး၊ လုံခြံုရေး၊ အမျိုးသားရေး ကိုကြည့်ပြီး ပြဋ္ဌာန်းတာတွေရှိပါလိမ့်မယ်” ဟု ဦးဖေသန်းက ဆိုသည်။

Equality Myanmar ၏ ဒါရိုက်တာ ဦးအောင်မျိုးမင်းက “ရခိုင်မှာဖြစ်တဲ့ကိစ္စကိုပြောရရင် ဘက်နှစ်ဖက်ရှိ ပါတယ်။ အဲဒီ နှစ်ဖက်စလုံးက လူတွေလူ့အခွင့်အရေးကိုတန်းတူရရှိဖို့အတွက် လုံလောက်တဲ့ ဥပဒေအရ အကာအကွယ်ပေးတာ။ လုံလောက်တဲ့ အထောက်အပံ့တွေပေးတာ။ ပိုမဆိုးသွားအောင်တန်းတူဆက်ဆံ တာ လူ့အခွင့်အရေးဖြစ်ပါတယ်” ဟုရှင်းလင်းသည်။

သမ္မတ စကားကို သည်လိုမြင်တယ်

ရခိုင်ပြည်နယ်အရေးနှင့် ပတ်သက်သော သမ္မတ၏ပထမဦးဆုံးမိန့်ခွန်းတွင် နိုင်ငံတွင်းသို့ ခိုးဝင်လာသူများကို အရေးယူရန်နှင့် တတိယ နိုင်ငံများသို့ ပို့ရန်ပြောကြားခဲ့ဖူးသည်။

သမ္မတ၏မိန့်ခွန်းများနှင့်ပတ်သက်၍ ဦးအေးသာအောင်က “နိုင်ငံတော်အကြီးအကဲသမ္မတ တစ်ယောက် ဆိုတာစကားကို လိုရင်လိုသလို၊ မလိုရင်မလိုသလိုပြောနေလို့မဖြစ်ဘူး။ နိုင်ငံတော်သမ္မတပြောတဲ့ စကား ဟာ ဆိုခဲစေမြဲစေ။ နိုင်ငံတော်ရဲ့ အခြေအနေပေါ် မူတည်ပြီး ပြောသင့်တယ်လို့ မြင်ပါတယ်” ဟု ဝေဖန်ပြော ဆိုသည်။

ဖော်ပြပါအခြေအနေများနှင့်ပတ်သက်၍နိုင်ငံရေးစာရေးဆရာ သန်းစိုးနိုင်က နိုင်ငံသားအခွင့်အရေး မရရှိ ခြင်းကြောင့် ဖြစ်သော ပြဿနာဖြစ်ပြီး ပြည်တွင်းမှာသာ အဖြေရှာရမည်ဟု သုံးသပ်သည်။

“ပြဿနာကို ကျွန်တော်တို့နိုင်ငံအတွင်း မှာပဲ ဖြေရှင်းကြရမှာပေါ့။ ဥပမာအားဖြင့် ဘင်္ဂါလီတွေကို ထုတ်ပေး ထားတဲ့ White Card ပြဿနာလို့ပေါ့။ ဒီပြသနာတွေက တစ်နိုင်ငံချင်းပြဿနာ။ သူတို့မှာလည်း လူ့အခွင့်အရေး တော့ ရှိရမှာပေါ့။ သို့သော် နိုင်ငံသားအခွင့်အရေးနဲ့ တူမှာမဟုတ်ပါဘူး” ဟု ၎င်းက ဆိုသည်။

အိုဘားမားလာမှာမို့လို့လား

နိုဝင်ဘာ ၁၂ ရက်တွင်မြန်မာနိုင်ငံသို့ အမေရိကန်သမ္မတ အိုဘားမား ဒုတိယအကြိမ် လာရောက် ရန်ရှိခြင်း ကြောင့် သမ္မတဦးသိန်းစိန်က ယခုကဲ့သို့ လူ့အခွင့်အရေးရှေ့တန်းတင်သောစကားကို ဆိုခြင်း ဖြစ်သည်ဟု နိုင်ငံရေးလေ့လာသူများက ဝေဖန်သည်။ နိုင်ငံရေး၊ စီးပွားရေးအရ အမေရိကန်၊ ဥရောပသမဂ္ဂတို့နှင့် အလျင်အမြန်ပူးပေါင်းရန် မြန်မာအစိုးရကအလိုရှိနေခြင်းကြောင့်ဟု သုံးသပ်ကြသည်။

“တခြားနိုင်ငံတွေရဲ့ ဖိအားတွေကျ ရောက်လာတဲ့အခါကြတော့ စကားကိုပြင် ပြောတယ်။ အဲဒီလို မဖြစ် သင့်ဘူးထင်ပါတယ်။ အိုဘားမားပဲလာလာ ဘယ်သူပဲလာလာ လူတစ်ယောက်လာဖို့အတွက် စကားကို ကောင်းအောင်ပြင်ပြောတာမဖြစ်သင့်ဘူး” ဟု ဦးအေးသာအောင်က ဆိုသည်။

ဆရာသန်းစိုးနိုင်ကလည်း “အိုဘားမား မလာခင် သမ္မတနဲ့ အာဏာပိုင်အဖွဲ့အစည်းတွေက ပြောလို့ဆို လို့ပို ကောင်းအောင် အခင်းအကျင်းလေးတွေ ဖန်တီးတယ်လို့ မြင်ပါတယ်” ဟု သုံးသပ်သည်။

“နိုင်ငံတကာခေါင်းဆောင်တွေလာခါ နီးကျရင် ပြောနေကျ စကားဖြစ်ပါတယ်။ ဒီလိုမျိုးခေါင်းဆောင်တွေ လာခါနီး လူ့အခွင့်အရေးအကြောင်း တွင်တွင်ကျယ်ကျယ် ပြောရုံနဲ့တော့ နိုင်ငံလူ့အခွင့်အရေး တိုးတက်လာ တယ်လို့ပြောလို့မရဘူး။ တခြား နိုင်ငံခေါင်းဆောင်တွေလာခါနီးမှ လုပ်သင့်တယ် ပြောတာမျိုးထက် တစ်နှစ်ပတ်လုံး တိုင်းသူပြည်သားတွေ အခွင့်အရေးကို အကာအကွယ် ပေးဖို့ပိုပြီး လုပ်ဆောင်သင့်ပါတယ်” ဟု လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူ ဦးအောင်မျိုးမင်းက သုံးသပ်ထားသည်။

နိုင်ငံတော်အချုပ်အခြာအာဏာကာကွယ်ရေးနှင့် အမျိုးသားလုံခြံုရေး လုပ်ငန်းများကို နိုင်ငံသား အခွင့်အရေးနှင့် လူ့အခွင့်အရေးကို ရောနှောခြင်း မပြုသင့်ကြောင်း ဦးအေးသာအောင်က သုံးသပ်သည်။ နိုင်ငံတကာ တွင် နိုင်ငံတွင်းသို့ခိုးဝင်သူများ ရှိမြဲဖြစ်သောကြောင့် ပြဿနာများကို ဖြေရှင်းရန် တိကျခိုင်မာသော မူဝါဒများထားရှိ ရန်လိုသည်ဟု ၎င်းကဆိုသည်။