ဖွဲ့စည်းပုံ ပြင်ပြင် မပြင်ပြင် တိုင်းပြည်မျက်နှာကြည့်၍ အင်န်အယ်လ်ဒီ ရပ်တည်မည်

ဖွဲ့စည်းပုံ ပြင်ပြင် မပြင်ပြင် တိုင်းပြည်မျက်နှာကြည့်၍ အင်န်အယ်လ်ဒီ ရပ်တည်မည်
by -
မဇ္စျိမ

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က တောင်းဆိုထားသည့် ဖွဲ့စည်းပုံ အခြေခံဥပဒေပါ အချက်အလက်များ ပြင်ပြင် မပြင်ပြင် ပြည်သူ့ထွက်ပေါက် (တိုင်းပြည်မျက်နှာ) သာကြည့်၍ ရပ်တည်မည်ဟု အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က နိုဝင်ဘာ ၅ ရက်တွင် ပြောသည်။

ဒေါ်အောင်ဆန်းစုကြည် သမ္မတမဖြစ်ရေး တားမြစ်ထားသည်ဟုဆိုသော ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပုဒ်မ ၅၉(စ) နှင့် ဖွဲ့စည်းပုံ ပြင်ဆင်ခြင်း နည်းလမ်းများပါဝင်သော ပုဒ်မ ၄၃၆ တို့ကို အာဏာရပါတီက မပြင်ဆင်ခဲ့ပါက အင်န််အယ်လ်ဒီ ပါတီ မည်သို့ ပြင်ဆင်ထားသနည်းဆိုသော မေးခွန်းကို ယင်းသို့ ပြန်ဖြေခြင်း ဖြစ်သည်။

ASSK-and-Media-Encounter-06

"ပြည်သူတွေက လွှတ်တော်မှာ ဖွဲ့စည်းပုံပြင်ဆင်ရေး တင်လာရင် ဘယ်ကိုယ်စားလှယ်တွေက ပြည်သူ့ကို ကိုယ်စားပြု လည်း သေသေချာချာကြည့်ကြပါ၊ ဘယ်သူ့နဲ့ လက်တွဲလုပ်သင့်တယ်လို့ ဆုံးဖြတ်ပါ။ အဲဒီဟာ မှန်တယ် ဆိုရင် ဘာကိုမှ မစိုးရိမ်ပါဘူး။ ကျွန်မတို့ကြည့်နေတာက အင်န်အယ်ဒီအတွက် ထွက်ပေါက် ရှာနေတာမဟုတ်ပါဘူး၊ တိုင်းပြည်အတွက် ထွက်ပေါက်ရှာနေတာ" ဟု ရန်ကုန်မြို့၊ အင်န်အယ်လ်ဒီ ပါတီ ရုံးချုပ်တွင် ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲ၌ ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့သည် ပြည်ထောင်စုလွှတ်တော်တွင်း နေရာ ၄၀ ကျော်သာရရှိထားသည့်အတွက် မဲခွဲရာတွင် အဆုံးအဖြတ်ပေးနိုင်နိုင်သည့် အခြေအနေမရှိသဖြင့် ၎င်းတို့ တောင်းဆိုထားသော အချက်များ ပြင်ဆင်ရေး မသေချာပေ။

ထို့ပြင် လွှတ်တော်၏ ၂၅ရာခိုင်နှုန်းသော ဆန္ဒမဲပေးခွင့်ကို ရယူထားသည့် တပ်မတော်ကလည်း ပုဒ်မ ၄၃၆ ပြင်ရန် ဆန္ဒမရှိဟု အောက်တိုဘာ ၂၂ ရက်တွင် ပြည်ထောင်စု လွှတ်တော်၌ အတိအလင်း ပြောကြား ထားပြီးဖြစ်သည်။

ယင်းအခြေအနေ၌ ဖွဲ့စည်းပုံမပြင်ခဲ့လျှင် မိမိ တစ်ဦးတည်းဆန္ဒဖြင့် မဆုံးဖြတ်ဘဲ နိုင်ငံ့အကျိုး၊ ပါတီဝင်များ၏ ဆန္ဒ ပြည်သူတို့၏ သဘောထားများနှင့် အညီ ဆုံးဖြတ်သွားမည်ဟု ဒေါ်အောင်ဆန်းစုကြည် က ပြောခြင်း ဖြစ်သည်။

"အခြေအနေဘယ်လိုဖြစ်မယ်ဆိုတာ မသိပဲနဲ့ အခုထဲက ဟိုလိုလုပ်မယ် ဒီလိုလုပ်မယ် တရားသေ ဆုံးဖြတ် ထားလို့မရဘူး၊ ဒါက အဖြေမပေးချင်လို့ မဟုတ်ပါဘူး၊ ဒီလိုအဖြေမျိုးက ဒီအချိန်ခါမှာ မထွက်သေးဘူး ဆိုတာနဲ့ ထွက်လာတဲ့အချိန်တန်ရင် အဖြေကလည်း ပေါ်လာမှာပါပဲ" ဟု ၎င်းကဆိုသည်။

လွှတ်တော်အတွင်း အခြေခံဥပဒေပြင်ဆင်မှု၊ တရားဥပဒေ စိုးမိုးမှုများနှင့် ပက်သက်၍ အင်န်အယ်ဒီ၏ ဆောင် ရွက်ချက်များကို အတိုင်းအတာ တစ်ခုထိ ကျေနပ်မှုရှိခဲ့သည်ဟု ဒေါ်အောင်ဆန်းစုကြည်က  သုံးသပ်သည်။

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်သည် ၂၀၁၂ ခုနှစ် ကြားဖြတ် ရွေးကောက်ပွဲကို ၄၃ နေရာ အနိုင်ရရှိထားသည်။