အစိုးရ၏ အမျိုးသား မြေယာ အသုံးချမှု မူဝါဒ (မူကြမ်း) အဖွဲ့အစည်းများ ကန့်ကွက်

အစိုးရ၏ အမျိုးသား မြေယာ အသုံးချမှု မူဝါဒ (မူကြမ်း) အဖွဲ့အစည်းများ ကန့်ကွက်
by -
ရွှေဟင်္သာ

နိုင်ငံတကာ ရင်းနှီး မြုပ်နှံမှုနှင့် စီးပွားရေး လုပ်ငန်းရှင် များ၏ အခန်း ကဏ္ဍကိုသာ ဦးစားပေး ထားကာ အောက်ခြေ လယ်သမား များအား လစ်လျူရှူ့ ထားသည့် မြန်မာ နိုင်ငံ မြေယာ ခွဲဝေ အသုံးချမှု စီစစ် ဆောင်ရွက်ရေး ကော်မီတီမှ ရေးဆွဲ ထားသည့် အမျိုးသား မြေအသုံးချမှု မူဝါဒ (မူကြမ်း) အား ကန့်ကွက်ကြောင်း တိုင်းရင်းသား လူမျိုးများ လူထု ဖွံ့ဖြိုးရေး ဆုံရပ်နှင့် တိုင်းရင်းသားများ ရိုးရာ ဓလေ့ မြေယာ ကာကွယ်ရေး ကော်မီတီမှ နိုဝင်ဘာလ (၆) ရက်နေ့တွင် ကြေငြာချက် ထုတ်ပြန်လိုက်သည်။

အမျိုးသား မြေအသုံးချမှု မူဝါဒ (မူကြမ်း) ကို ရေးဆွဲ ရာတွင် လယ်သမား ကိုယ်စားလှယ်များ ပါ၀င်မှု မရှိသည့် အတွက် ကန့်ကွက် ရသည်ဟု တိုင်းရင်းသား လူမျိုးများ လူထု ဖွံ့ဖြိုးရေး ဆုံရပ်နှင့် တိုင်းရင်းသားများ ရိုးရာ ဓလေ့ မြေယာ ကာကွယ်ရေး ကော်မီတီ၏ ပြောရေး ဆိုခွင့် ရှိသူ စိုင်းခမ်းဆိုင်က အောက်တိုဘာလ (၆) ရက်နေ့၌ ရွှေဟင်္သာ သတင်းဌာနသို့ ပြောကြား ခဲ့သည်။

phophtaw0701

“သူတို့ လူနည်းစု နဲ့ဘဲ ဒီမူကြမ်းကို ရေးဆွဲ ခဲ့တာရယ်၊ နောက်ပြီး တကယ့်ကို ထိခိုက် နစ်နာ နေတဲ့ လယ်သမား တွေကို ကိုယ်စား ပြုတဲ့ လယ်သမား ကိုယ်စားလှယ်တွေ လူထု အဖွဲ့အစည်း တွေကနေ ပါ၀င်မှု မရှိလို့ ဒီအမျိုးသား မြေအသုံးချမှု မူဝါဒ (မူကြမ်း) ကို ကန့်ကွက် ရတာပါ” ဟု စိုင်းခမ်းဆိုင် က ပြောသည်။

အစိုးရမှ ထို အမျိုးသား မြေအသုံးချမှု မူဝါဒ (မူကြမ်း) အား ရေးဆွဲ အတည်ပြု ခဲ့စည်က ရန်ကုန်နှင့် နေပြည်တော် မြို့တို့ရှိ နေရာ (၁၇) ခု တို့အား အခြေခံကာ ရက်အနည်းငယ် အတွင်း လူထု များဆီမှ အကြံဉာဏ် ရယူကာ ရေးဆွဲ ထားကာ ၎င်းမှာ တနိုင်ငံ လုံးရှိ တောင်သူ လယ်သမား များအား လျစ်လျူရှူ့ရာ ရောက်သည့် အပြင် ကိုယ်စားပြုမှုလည်း ပေးနိုင်မည် မဟုတ်ကြောင်း ကြေငြာချက် ၌ ထောက်ပြ ပြောဆို ထားသည်။

ထို့အပြင် တောင်သူ လယ်သမား ကိုယ်စားလှယ်များ၊ လွှတ်တော် ကိုယ်စားလှယ်များ၊ လူထု အခြေပြု အဖွဲ့ အစည်းများ၊  လွတ်လပ်ပြီး ဘက်မလိုက်သည့်၊ ဥပဒေ ပညာရှင်များ၊ ပါ၀င်သင့် ပါ၀င် ထိုက်သည့် ပုဂ္ဂိုလ်များ စုပေါင်း ပါဝင်၍ ယခု ထုတ်ပြန် ထားသည့် အမျိုးသား မြေအသုံး ချမှု မူဝါဒ (မူကြမ်း) ကို ပြန်လည် ရေးဆွဲရန် ကိုလည်း ကြေငြာချက်၌ တောင်းဆို ရေးသား ထားပါသည်။

နိုဝင်ဘာလ (၁) ရက်နေ့ နှင့် (၂) ရက် နေ့တွင် ထိုင်း-မြန်မာ နယ်စပ် တစ်နေရာ၌ တိုင်းရင်းသား လူမျိုးများ လူထု ဖွံ့ဖြိုးရေး ဆုံရပ်နှင့် တိုင်းရင်းသားများ ရိုးရာ ဓလေ့ မြေယာ ကာကွယ်ရေး ကော်မီတီ အစည်း အဝေး၏ ဆုံးဖြတ်ချက်ဖြင့် အမျိုးသား မြေအသုံး ချမှု မူဝါဒ (မူကြမ်း) အား ကန့်ကွက်ကြောင်း ကြေညာချက် ထုတ်ပြန် ခဲ့သည် ဟုလည်း စိုင်းခမ်းဆိုင်က ဆက်ပြောသည်။

အမျိုးသား မြေအသုံးချမှု မူဝါဒ (မူကြမ်း) ကို ၂၀၁၄ ခုနှစ် အောက်တိုဘာ လတွင် စတင် ထုတ်ဝေ ခဲ့ပြီး အဆိုပါ မူကြမ်း သည် တောင်သူ လယ်သမား များ၏ အခြေခံ အကျိုး စီးပွါးကို အကာကွယ် ပေးမှု မရှိသလို နိုင်ငံတကာ စံနှုန်း များနှင့်လည်း ကိုက်ညီမှု မရှိဟု ပြောရေး ဆိုခွင့် ရှိသူ စိုင်းခမ်းဆိုင်က ဆက်ပြောသည်။

“မူဝါဒ မှာတော့ နိုင်ငံခြား ရင်းနှီး မြုပ်နှံမှု အပိုင်းနဲ့ စီးပွါးရေး လုပ်ငန်းရှင် တွေရဲ့ အခန်း ကဏ္ဍ ကိုဘဲ ဦးစားပေး ထားတယ်။ ဆင်းရဲသား တောင်သူ လယ်သမား တွေကို အကျိုးပေး ထားတာ မတွေ့ဘူး ခင်ဗျ။ တောင်သူ လယ်သမား တွေရဲ့ လယ်ယာမြေ တွေကို ကာကွယ်တဲ့ မူဝါဒ တွေလဲ မပါဘူး။ ဒါကြောင် ့လယ်သမားတွေ ပိုဒုက္ခ ရောက်စေ ပါတယ်။ နိုင်ငံတကာက ပြဌာန်း ထားတဲ့ စံနှုန်းနဲ့လဲ မကိုက် ညီဘူး။ မြေယာကို သူတို့ အလွယ်တကူ သိမ်းယူနိုင်တဲ့ အတွက်ကြောင့် လယ်ယာမြေ ပြဌာန်းချက် ဥပဒေလဲ မရှိတော့ အကာအကွယ် မရှိတဲ့ အနေအထားမှာ တွေ့ရတယ်” ဟု ဆိုင်းခမ်းဆိုင်က ဆိုသည်။

အမျိုးသား မြေအသုံးချမှု မူဝါဒ (မူကြမ်း) အရ လက်တွေ့ အကောင်အထည် ဖေါ်မည့် အခြေအနေ များကို သိရှိ နိုင်ရန် အတွက် မြန်မာ နိုင်ငံ မြေယာ ခွဲဝေ အသုံးချမှု စီစစ် ဆောင်ရွက်ရေး ကော်မီတီ အတွင်းရေးမှူး ရုံးသို့ ရွှေဟင်္သာ သတင်းဌာနမှ ဆက်သွယ် မေးမြန်း ခဲ့သော်လည်း ပြန်လည် ဖြေကြား ခဲ့ခြင်း မရှိခဲ့ပေ။

အစိုးရမှ မြေယာ အသုံးချမှု မူဝါဒ (မူကြမ်း) ကို ထုတ်ပြန် ထားခဲ့ သော်လည်း လက်တွေ့ ဆောင်ရွက် သည့် နေရာတွင် ဖြစ်နိုင်ခြေ နည်းပါး သည်ဟု မြန်မာ နိုင်ငံ တောင်သူ လယ်သမား သမဂ္ဂ အဖွဲ့အစည်းမှ တာဝန်ခံ မစုစုနွေးမှ က သုံးသပ် ပြောဆိုသည်။

“အစိုးရ အနေနဲ့ မူကြမ်းတွေ ဥပဒေ တွေကို ထုတ်ပြန် လိုက်တာ ရှိပေမယ့် အောက်ခြေ အဖွဲ့အစည်း တွေပေါ့နော် လေးစား လိုက်နာ ရမယ်။ လိုက်နာမှု မရှိရင် ဘယ်လို အရေးယူမယ် ဆိုတာ ထည့်သွင်း ဖေါ်ပြ ထားတာ မရှိဘူး။ မြေယာ အသုံးချမှု မူဝါဒ (မူကြမ်း) ကို ထုတ်ပြန် ပေမဲ့ အကျိုး သက်ရောက်မှု အောင်မြင်မှု မရှိနိုင် ဘူးလို့ ကျွန်မတို့ သုံးသပ် ထားတယ်” ဟု မစုစုနွေးက နိုဝင်ဘာလ (၆) ရက်နေ့၌ ရွှေဟင်္သာ သတင်းဌာနသို့ ပြောကြား ခဲ့သည်။

၂၀၁၄ ခုနှစ် အောက်တိုဘာ လတွင် ထုတ်ဝေ ခဲ့သည့် အမျိုးသား မြေအသုံးချမှု မူဝါဒ (မူကြမ်း) တွင် အခန်း (၁၉) ခန်း ပါရှိပြီး နိုင်ငံတော် အတွင်း မြေသယံ ဇာတ အရင်းအမြစ် များကို နိုင်ငံတော် ဖွံ့ဖြိုး တိုးတက်ရေး ပြည်သူ များ၏ လူမှု စီးပွါး ဘဝ မြှင့်တင်ရေး ဖြည့်ဆည်း ပေးနိုင်ရန် ၊ သဘာဝ ပါတ်ဝန်းကျင် ထိန်းသိမ်း ကာကွယ်ရေး၊ အသုံးပြု စီမံ ခန့်ခွဲ ရာတွင် စနစ် တကျ မှန်ကန်စွာ ရေရှည် တည်တန့် နိုင်ရန် အတွက် ရည်ရွယ်ပြီး ထုတ်ပြန် ခဲ့သည်ဟု ဖေါ်ပြ ထားသည်။

Most read this week