ဇန်နဝါရီလမှ အောက်တိုဘာလအထိ ကိုးလအတွင်း ပြည့်တန်ဆာအဖြစ် လူကုန်ကူး စေခိုင်းခံရသည့် ကလေးသူငယ် ၂၆ ဦး ရှိကြောင်း လူကုန်ကူးမှုတားဆီး ကာကွယ်ရေးဗဟိုအဖွဲ့က နိုဝင်ဘာ ၄ ရက်က သတင်းထုတ်ပြန်ထားသည်။
ပြည်တွင်း၌တွင် ပဲခူးတိုင်းအတွင်း ကလေး ၄ ဦး ၊ မန္တလေးတိုင်း ၊ ရန်ကုန်တိုင်း ၊ အင်းစိန် မြို့နယ်၊ လှိုင်သာယာမြို့နယ်နှင့် ဧရာဝတီတိုင်းရှိ အိမ်မဲမြို့နယ်၊ မွန်ပြည်နယ်ရှိ ကျိုက်ခမီမြို့တို့မှ ကလေး ၁ ဦးစီကို ပြည့်တန်ဆာအဖြစ် အတင်းအဓမ္မစေခိုင်း ရန် ရောင်းချခံခဲ့ရခြင်း အမှုတစ်မှုစီကို ဖော်ထုတ်နိုင်ခဲ့ သည်ဟု ဆိုထားသည်။
ပြည်ပသို့ အမျိုးသမီးငယ်များ လူကုန်ကူးခံရမှုတွင် တရုတ်နိုင်ငံသို့ တရုတ်မယား အဖြစ် ရောင်းချခြင်း ခံရသူ အမျိုးသမီးကလေး ၉ ဦး ၊ ထိုင်းနိုင်ငံသို့ အဓမ္မ လုပ်အားစေခိုင်းခံရသည့် အမျိုး သမီးကလေး သူငယ် ၆ ဦးနှင့် မလေးရှားနိုင်ငံသို့ အဓမ္မစေခိုင်းရန် အမျိုးသမီး ကလေးသူငယ်တစ်ဦး တို့ကို ဖော်ထုတ်နိုင်ခဲ့သည်။
ပြည်ပသို့ပို့ဆောင်သည့် အမှုများတွင် ကလေးသူငယ်လူကုန်ကူးသူပွဲစားများက မိဘဆွေ မျိုးများအသွင် သဏ္ဍာန်ဆောင်ကာ ကလေးသူငယ်များကို ခေါ်ထုတ်သွားခြင်းဖြစ်ပြီး ပြည်တွင်း၌ ဖြစ်ပွားသည့် အမှုများတွင်် အလုပ်လုပ်ကိုင်ရန် အကြောင်းပြ ချက်ဖြင့် ပြည်တန်ဆာအဖြစ် စေခိုင်းကြခြင်း ဖြစ်သည်။
လူကုန်ကူးမှု တားဆီးကာကွယ်ရေးအဖွဲ့မှ ဒု-ရဲမှူးမင်းနိုင်က "ပြည်တွင်းမှာ ဖြစ်တဲ့ အမှုတွေကို နယ်မြေခံရဲတပ်ဖွဲ့တွနဲ့ ပူးပေါင်းဖော်ထုတ် ရပါတယ်။ကလေးသူငယ်အမှုတွေက ပြည်တန်ဆာအဖြစ် ခိုင်းစေတာတွေ များတယ်။ ပြည်တန်ဆာလုပ်ခိုင်းသူတွေကို လူကုန်ကူးပုဒ်မနဲ့ အရေးယူထားပါတယ်" ဟုပြောသည်။
ထို ကလေးသူငယ်လူကုန်ကူးခံရမှုတွင် အသက ်၁၈ နှစ်အောက်အရွယ်ရှိ အမျိုးသားနှင့် အမျိုးသမီးငယ်လေး များဖြစ်ပြီး အဆိုပါ ကလေးငယ်များသည် တရုတ်နိုင်ငံတွင် အဓမ္မလက် ထက်ထိမ်းမြားရန်နှင့် ထိုင်း၊မလေးရှားနိုင်ငံတွင် အဓမ္မလုပ်အားစေခိုင်းသည့် အမှုများဖြစ်သည်။
ဇန်နဝါရီလမှ အောက်တိုဘာလအထိ အရွယ်မရောက်သေးသည့် အမျိုးသားကလေးသူငယ် ၃ဦး နှင့် အမျိုးသမီး ၂၃ ဦး အထိ လူကုန်ကူးခံခဲ့ရသည်။
ဇန်နဝါရီလမှ အောက်တိုဘာလအထိ လူကုန်ကူးခံရမှုတွင် တရုတ်နိုင်ငံသို့ ၆၂ ဦး လူကုန်ကူးခံ ရပြီး ထိုင်းနိုင်ငံသို့ ၁၆ ဦး၊ ပြည်တွင်းတွင် လူကုန်ကူးခံရသူ ၁၄ ဦး ၊ မလေးရှားနိုင်ငံသို့ ၂ ဦး အထိ လူကုန်ကူးခံရသည်။ အဓမ္မလက်ထက်ရန် ရောင်းစားခံရသူ ၆၁ ဦး၊ အဓမ္မ လုပ်အားစေခိုင်းခံရသူ ၁၉ ဦး၊ ပြည့်တန်ဆာပြုခံရသူ ၁၄ ဦး တို့ပါ၀င်သည်။