အစိုးရက နိုင်ငံရေးအကျဉ်းသား မဟုတ်ဟု နိုဝင်ဘာ ၁ရက်တွင် ငြင်းပယ်လိုက်သည့် ၂၇ ဦးနှင့် စပ်လျဉ်း၍ နိုင်ငံရေး အကျဉ်းသားဟောင်းများ ကူညီစောင့်ရှောက်ရေး အသင်း (AAPP)၊ နိုင်ငံရေး အကျဉ်းသားဟောင်းများအဖွဲ့ (FPPS) နှင့် စပ်လျဉ်း၍ နှစ်ဖက် အငြင်းပွားနေကြသည်။
အစိုးရက လက်ကျန် နိုင်ငံရေးအကျဉ်းသား စိစစ်ရေးကော်မတီက တင်ပြလာသည့် ၃၀ ဦးအနက် ၂၇ ဦးသည် နိုင်ငံရေးလှုပ်ရှားမှုနှင့် ပတ်သက်၍ ပြစ်ဒဏ်ချခံရခြင်း မဟုတ်သဖြင့် နိုင်ငံရေးအကျဉ်းသားအဖြစ် မသတ်မှတ်ကြောင်း ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။
ယင်းကြေငြာမှုအပြီး (AAPP, FPPS) တို့က အစိုးရ ထုတ်ပြန်ခဲ့သည့် ၂၇ဦးသည် ပြစ်ဒဏ်ချမှတ်စဉ်ကမျှတ သည့် တရားစီရင်ရေး မရရှိမှု၊ ရာဇဝတ်ပုဒ်မများဖြင့် ပြစ်ဒဏ်ချမှတ်ခံထားရမှုတို့ကြောင့် နိုင်ကျဉ်းအဖြစ် ဆက်လက် သတ်မှတ်ထားပြီး ၎င်းတို့ လွတ်မြောက်ရေးအတွက် ထပ်မံဆောင်ရွက်မည်ဟု နိုဝင်ဘာ ၃ရက်က ကြေညာသည်။
"သံဃာတစ်ပါးဖြစ်တဲ့ ရှင်ဉာဏ ဆိုရင် ထေရဝါဒ ဗုဒ္ဓဘာသာကို ဝေဖန်လို့ဆိုပြီး ပြစ်ဒဏ်တွေ အများကြီးချခံထားရတာ၊ အဲဒီတုန်းက မျှတတဲ့ တရားစီရင်မှု အခြေခံလွတ်လပ်ခွင့်တွေ မရရှိခဲ့တဲ့ အတွက် ဒါတွေက နိုင်ကျဉ်းတွေလို့ သတ်မှတ်တယ်။ သူတို့ လွတ်ဖို့ အတွက် နိုင်စစ်ကော်မတီ ထပ်ခေါ်ဖို့လည်း ပြောမယ်"ဟု နိုင်စစ်ကော်မတီဝင် ဦးဘိုကြည်က မဇ္စျိမကိုပြောသည်။
လက်ကျန်နိုင်ငံရေးအကျဉ်းသားစိစစ်ကော်မတီက ၂၀၁၃ ခုနှစ်အတွင်း ကျန်ရှိနေသည့် နိုင်ကျဉ်း ၃၀ ဦးကို ၂၀၁၄ခုနှစ် ဖေဖော်ဝါရီ၊ မေနှင့် ဇူလိုင်လ အတွင်း ပြုလုပ်သည့် အစည်းအဝေးတွင် တင်ပြခဲ့ခြင်းဖြစ်သည်။
သမ္မတဦးသိန်းစိန်၏ အစိုးရသစ် သက်တမ်းအတွင်း ပြစ်ဒဏ်လွတ်ငြိမ်းခွင့် ၁၅ ကြိမ်မြောက်ဖြင့် အကျဉ်းသားပေါင်း နှစ်သောင်း လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့ပြီး နိုင်ငံရေးအကျဉ်းသား ၁၅ဝဝ ကျော် ပါဝင်ခဲ့သည်။