နိုဝင်ဘာ ၁၂ ရက်နှင့် ၁၃ ရက်တွင် ပြုလုပ်ရန် စီစဉ်ထားသော နိုင်ငံလုံးဆိုင်ရာ ကျောင်းသားထု အရေးပေါ် အစည်းအဝေးပွဲကို မရမ်းကုန်မြို့နယ် စခန်းမှူးနှင့် မြို့နယ် အုပ်ချုပ်ရေးမှူးတို့က မပြုလုပ်ရန် တားမြစ်မှုများ ရှိနေသော်လည်း ကျောင်းသား ထုအနေနှင့် မရရအောင် ပြုလုပ်သွားမည်ဟု ရန်ကုန်စီးပွားရေး တက္ကသိုလ် ကျောင်းသားများ သမဂ္ဂမှ ပြန်ကြားရေး တာဝန်ခံ ကိုမင်းသွေးကျော်က မဇ္စျိမကို ပြောသည်။
နိုဝင်ဘာ ၁ ရက်တွင် ရန်ကုန်ခဝဲခြံ မျက်မမြင်ကျောင်းသို့ မရမ်းကုန်းမြို့နယ် စခန်းမှူးနှင့် မြို့နယ် အုပ်ချုပ်ရေးမှူးတို့က လာရောက်ပြီး နိုင်ငံလုံးဆိုင်ရာ ကျောင်းသားထု အရေးပေါ်အစည်းအဝေးပွဲ မပြုလုပ်ရန် တားမြစ်ခဲ့ပြီး အကယ်၍ ပြုလုပ်မည်ဆိုပါကလည်း ၎င်းတို့ထံကို ခွင့်ပြုချက်ယူရမည်ဖြစ်ကာ မူလလျာထားသည့် နိုဝင်ဘာ ၁၂ နှင့် ၁၃ ရက်တို့သည် အာဆီယံထိပ်သီးအစည်းအဝေးနှင့် တိုက်ဆိုင် နေ၍ လုပ်ခွင့်မရှိဘဲ အခြားရက်မှသာ ပြုလုပ်ရမည်ဟု ပြောကြားခဲ့သည်ဟု ၎င်းက ဆိုသည်။
ကိုမင်းသွေးကျော်က “အခုလုပ်မယ့်ပွဲက ကျောင်းသားထု အရေးပေါ် အစည်းအဝေးပွဲဆိုတော့ ဘယ်သူတွေတားတား လုပ်သွားဖို့ ရည်ရွယ်ထားပြီးသားပါ။ ပြီးတော့ သူတို့ကို ခွင့်ပြုချက်ယူပြီးမှ လုပ်ရမယ်ဆိုတာလည်း မဖြစ်သင့်ဘူးလေ။ ဒါပေမယ့် ခဝဲခြံ မျက်မမြင်ကျောင်းက ကျောင်းသားတွေအများကြီးနဲ့ ကိုယ့်အားကိုယ်ကိုး ရန်ပုံငွေနဲ့ သွားနေတာဆိုတော့ ကျောင်းကို ထိခိုက်မှာဆိုးတဲ့အတွက် အဲ့နေရာမှာတော့ ကျင်းပဖို့မရှိတော့ဘူး” ဟု ဆိုသည်။
အဆိုပါ အရေးပေါ်အစည်းအဝေးပွဲကို မည်သူ့ဆီမှ ခွင့်ပြုချက်မယူဘဲ နိုဝင်ဘာ ၁၂ နှင့် ၁၃ ရက်တို့တွင် ကျင်းပသွားမည်ဖြစ်ပြီး လက်ရှိ အချိန်အထိ ကျင်းပမည့်နေရာကိုမူ မရွေးချယ်ရသေးဟု ၎င်းကဆိုသည်။
အရေးပေါ်အစည်းအဝေးပွဲကို မူလက နိုဝင်ဘာ ၁၂ရက်နှင့် ၁၃ရက် နံနက် ၉ နာရီမှ ညနေ ၅ နာရီအထိ ရန်ကုန်ခဝဲခြံမျက်မမြင်ကျောင်း၊ ဗဟိုလမ်း(အပေါ်လမ်း)၊ မရမ်းကုန်းမြို့နယ်၊ ရန်ကုန်မြို့တွင် အစီအစဉ်နှစ်ရပ်ဖြင့် ကျင်းပသွားရန် စီစဉ်ထားခြင်းဖြစ်သည်။ အစည်းအဝေး၌ အမျိုးသားပညာရေး ဥပဒေကြမ်းနှင့် ပတ်သက်ပြီး ဆွေးနွေးမည် ဖြစ်သည်။