အစိုးရနှင့် သျှမ်းပြည် တိုးတက်ရေး ပါတီ/ သျှမ်းပြည် တပ်မတော် SSPP/SSA တို့ ပူးတွဲဖွဲ့စည်းမည့် နယ်မြေ တည်ငြိမ် အေးချမ်းရေးနှင့် ဖွံ့ဖြိုး တိုးတက်မှု အဖွဲ့တွင် နိုင်ငံရေး ပါတီများ၊ အရပ်ဘက် လူမှုအဖွဲ့ အစည်းများနှင့် လူရိုသေ ရှင်ရိုသေ ရှိသည့် ပုဂ္ဂိုလ်များပါဝင် နိုင်ရန် SSPP/SSA ကတင်ပြ ဆွေးနွေးခဲ့ကြောင်း အထွေထွေ အတွင်းရေးမှူး ကပြောသည်။
အောက်တိုဘာ ၃၁ ရက်နေ့ နံနက် ၉ နာရီတွင် ပြည်ထောင်စုငြိမ်းချမ်းရေး လုပ်ငန်းဖေါ်ဆောင်ရေးကော်မတီ ဒုတိယ ဥက္ကဌ ၁ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း ဦးဆောင်သည့်အဖွဲ့က သျှမ်းပြည်တိုးတက်ရေးပါတီ သျှမ်းပြည်တပ်မတော် SSPP/SSA အထွေထွေအတွင်းရေးမှူး စဝ်ခွန်ဆိုင်ခေါင်းဆောင်သော အဖွဲ့အား နေပြည်တော်၌ လက်ခံတွေ့ဆုံခဲ့ကြသည်။
ထိုတွေ့ဆုံပွဲတွင် သျှမ်းပြည်တပ်မတော်နှင့် အစိုးရတပ်မတော်တို့ကြား တိုက်ပွဲများလျှော့ချရေးအတွက် နှစ်ဖက်ပါ၀င်သည့် နယ်မြေ တည်ငြိမ် အေးချမ်းရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေး ပူပေါင်း ဆောင်ရွက် ရေးကော်မတီ ဖွဲ့စည်းရန် အောက်တိုဘာ ၁၈ ရက်က လားရှိုးမြို့တွင်တွေ့ဆုံစဉ် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုတိယ ဥက္ကဌ ၂ ဦးသိန်းဇော်၏ တိုက်တွန်း ချက်များအား အသေး စိတ်ထပ်မံ ဆွေးနွေးခြင်းဖြစ် သည်။
SSPP ဘက်မှတင်ပြမှုအပေါ် ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီ UPWC က အထက်သို့တင်ပြမည်ဟုပြန်လည်ပြောကြားခဲ့ကြောင်း SSPP အထွေထွေ အတွင်းရေးမှူး စဝ်ခွန်ဆိုင်က ပြောသည်။
“သူတို့ဘက်ကလည်း တခါတည်းဆုံးဖြတ်နိုင်တာမရှိဘူး။ အထက်ပြန်တင်ပြရမယ်လို့ ပြောတယ်။ အဓိက က နှစ်ဘက်ထိတွေ့မှုတွေ တိုက်ပွဲတွေဖြစ်ပွားလာခဲ့ရင် ဖြေရှင်းနိုင်ဖို့ရည်ရွယ်တာပါ” ဟုဆိုသည်။
အစိုးရဘက်ကလည်း နှစ်ဖက်ပူးပေါင်းအဖွဲ့တွင် ပြည်နယ်အစိုးရ အရာရှိများ၊ ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး၊ တပ်မတော်အရာရှိများ ပါ၀င်ရန် တင်ပြခဲ့သည်ဟု စဝ်ခွန်ဆိုင်က ပြောသည်။
အဆိုပါဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သူ မြန်မာငြိမ်းချမ်းရေးစင်တာ အပစ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးမှူး ဒေါက်တာမင်းဇော်ဦးက SSPP နှင့် အစိုးရတို့ ပူးတွဲဖွဲ့စည်းမည့် အဖွဲ့သည် ကချင်ပြည်နယ်တွင် ဖွဲ့စည်းထားသည့် ပဋိပက္ခ ဖြေရှင်းရေးအဖွဲ့ ပုံစံမျိုးဖြစ်ပြီး ပူးတွဲစောင့်ကြည့်ရေးလုပ်ငန်းများလုပ်ဆောင် သွားမည်ဟု ဆိုသည်။
သျှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ ကျေးသီးမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် စိုင်းအွမ်ဆိုင်မိန်းက နှစ်ဖက်စောင့်ကြည့်ရေးအဖွဲ့များပေါ်ပေါက်လာပါက နှစ်ဖက်စစ်တပ်များက ပြည်သူအပေါ် လုပ်ချင်တိုင်းလုပ်၍ ရတော့မည်မဟုတ်ဟု ဆိုသည်။
သျှမ်းပြည်တိုးတက်ရေးပါတီနှင့် မြန်မာအစိုးရတို့သည် ၂၀၁၂ ခုနှစ် ဂျန္နဝါရီ ၂၈ ရက်က ပြည်ထောင်စုအဆင့် အပစ်အခတ်ရပ်စဲရေးလက်မှတ်ရေးထိုးထားခဲ့သော်လည်း နှစ်ဖက်စောင့်ကြည့်အရေးအဖွဲ့များမရှိသဖြင့် တိုက်ပွဲပေါင်း ၂၀၀ ကျော်ဖြစ်ပွားခဲ့သည်။