မြန်မာသတင်းသမားများ US ကြားဖြတ်ရွေးကောက်ပွဲလေ့လာ

မြန်မာသတင်းသမားများ US ကြားဖြတ်ရွေးကောက်ပွဲလေ့လာ
by -
ခိုနူမ်းထုန်

မကြာခင် ကျင်းပတော့မည့် အမေရိကန်ပြည်ထောင်စု ကြားဖြတ်ရွေးကောက် ပွဲလေ့လာရန် International Canter for Journalists (ICFJ) နှင့် မြန်မာနိုင်ငံ အမေရိကန်သံရုံးတို့မှ စေလွှတ်သော မြန်မာသတင်းသမား (၁၅) ဦးတို့ နဲ့ ICF မှ Program Director တို့ အောက်တိုဘာ နောက်ဆုံးပါတ်တွင် အမေရိကန်နိုင်ငံ သို့ရောက်ရှိကြသည်ဟု သိရသည်။

မြောက်ကာရိုလိုင်းနားပြည်နယ်သည် အမေရိကန်ပြည်ထောင်စု ကြားဖြတ်ရွေးကောက်ပွဲတွင် အကြိတ်အနယ် ယှဉ်ပြိုင် ရမည့် ပြည်နယ်တစ်ခုဖြစ်ပြီး မြန်မာသတင်းသမား ၁၅ ဦးတို့သည် အမေရိကန်ရွေးကောက်ပွဲ လှုပ်ရှားမှု အတွေ့အကြံု များကို လေ့လာကြမည်ဟု ခရီးစဉ်တွင်လိုက်ပါသော မြန်မာသတင်းအဖွဲ့၊ ခိုနူမ်းသုန် ချင်းသတင်းဌာန၏ စီမံခန့်ခွဲမှု အယ်ဒီတာ ဆန်းသဲက ပြောသည်။

Jounalists

“ အောက်တိုဘာ ၃၀ မှာ ၀ါရှင်တန်ဒီစီကနေ မြောက်ကာရိုလိုင်းနားပြည်နယ်ကို ၀င်တယ်၊ အဲဒီပြည်နယ်က ကြားဖြတ်ရွေးကောက်ပွဲမှာ ကိုယ်စားလှယ် လောင်းတွေ အကြိတ်အနယ်ယှဉ်ပြိုင်ကြ မယ့် ပြည်နယ်တစ်ခုပေါ့၊ နောက် (၃) ရက်ဆိုရင် Louisiana ပြည်နယ်ကို ကျနော်တို့ဆက်သွား ပါ့မယ်၊ အဓိကတော့ ရွေးကောက်ပွဲ သတင်းတွေ ဘယ်လိုရေးသား တင်ဆက်ကြမလဲဆိုတာ ကို လေ့လာကြတာပါ’’ ဟု ပြောသည်။

မြောက်ကာရိုလိုင်းနားပြည်နယ်ကို ရောက်ရှိနေကြသော မြန်မာသတင်းသမားများသည် News & Observer သတင်းစာ တိုက်မှ သတင်းစာဆရာများနှင့်တွေ့ဆုံခဲ့ကြပြီး အမေရိကန်တက္ကသိုလ်မှ ပညာရှင်များ၊ ၀ါရင့် စာနယ်ဇင်း သတင်းသမား များနှင့်လည်း ဆက်လက်တွေ့ဆုံကြမည်ဟုသိရသည်။

ယခုအစီအစဉ်သည် လာမည့် ၂၀၁၅ ခုနှစ် မြန်မာနိုင်ငံအထွေထွေရွေးကောက်ပွဲတွင် မြန်မာသတင်းသမားများ အနေဖြင့် ထိရောက်သော သတင်းရေးသားတင်ဆက်နိုင် ရန်အတွက် အမေရိကန်ရွေးကောက်ပွဲ၏ လှုပ်ရှားမှု အတွေ့အကြံုများရရှိနိုင်ရန်ဆိုပြီး ICFJ ဟုခေါ်သော နိုင်ငံတကာသတင်းထောက်များအဖွဲ့ နှင့် အမေရိကန် သံရုံးတို့မှ ပထမဆုံးအကြိမ် စီစဉ်ပေးခဲ့ခြင်းဖြစ်သည်။

“ ကမ္ဘာ့အင်အားအတောင့်တင်းဆုံး ဒီမိုကရေစီနိုင်ငံရဲ့ ရွေးကောက်ပွဲစနစ်လေ့လာခွင့်ရတဲ့အတွက် ကျနော်တို့ အတွက် အတော်လေးကို အကျိုးအမြတ်ရှိစေပါတယ်’’ ဟု ကိုဆန်းသဲကဆက်ပြောသည်။

မြန်မာသတင်းသမားများ၏ အမေရိကန် ရွေးကောက်ပွဲလေ့လာရေးကာလသည် အောက်တိုဘာလ (၂၆) ရက်ကနေ့မှ နိုဝင်ဘာလ (၈) ရက်နေ့အထိ နှစ်ပတ်ကြာမြင့် မှာဖြစ်ပြီး ယခုလေ့လာရေး ခရီးစဉ်နောက်ပိုင်း တွင်လည်း ရွေးကောက်ပွဲ သတင်းယူနည်းနှင့်ပတ်သက်သော မွမ်းမံသင်တန်းများကိုလည်း ICFJ က မြန်မာနိုင်ငံတွင် ဆက်လက်ပို့ချပေး သွားမည်ဟု သိရသည်။

ယခုခရီးစဉ်တွင် ရန်ကုန်အခြေစိုက် နေ့စဉ်၊ အပတ်စဉ်ထုတ်သတင်းဌာနများမှ အယ်ဒီတာများ၊ ချင်း၊ ကချင်၊ ကရင် နှင့် ရှမ်း သတင်းဌာနများမှ အယ်ဒီတာများပါ၀င်ခဲ့ကြသည်။