ချင်းတိုးတက်ရေးပါတီ၏ ဒုတိယဥက္ကဌလည်းဖြစ် မတူပီမြို့နယ်မှ အမျိူးသား လွှတ်တော်ကိုယ်စားလှယ်ဖြစ်သော ပူးပေါလျံလွင်သည် ချင်းအမျိူးသား ဒီမိုကရက် တစ်ပါတီ (CNDP) သို့ ကူးပြောင်းလိုက်ပြီဟု သတင်းရရှိသည်။
ပူးပေါလျံလွင်သည် CNDP ပါတီသို့ ပြောင်းရွှေ့ရန်အတွက် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဌ နှင့် ချင်းအမျိူးသားဒီမိုကရက်တစ်ပါတီ ဥက္ကဌထံသို့ အောက်တိုဘာလ ၁၇ ရက်နေ့စွဲဖြင့် ပါတီပြောင်းရွှေ့ခြင်း ဆိုင်ရာအကြောင်းကြားစာ ကို ပေးပို့ခဲ့သည်ဟုသိရသည်။
ချင်းအမျိူးသားဒီမိုကရက်တစ်ပါတီသည် ချင်းတမျိူးသားလုံး တစ်ပါတီဖြစ်ရေးကို ဦးတည်လှုပ်ရှားနေသော ပါတီဖြစ်သည် ဟု ရှူမြင်သုံးသပ်၍ လက်ရှိ ချင်းတိုးတက်ရေးပါတီမှ ချင်းအမျိူးသားဒီမိုကရက်တစ်ပါတီသို့ ပြောင်းရွှေ့၍ ချင်းတမျိူးသားလုံးအရေးကို နိုင်ငံရေးအရ ပိုမိုထမ်းဆောင်နိုင်လိမ့်မည်ဟု ယုံကြည်သည့် အတွက် ယခုကဲ့သို့ ပြောင်းရွှေ့ ရခြင်းဖြစ်သည် ဟု ပူးပေါလျံလွင်မှပေးပို့သော စာတွင်ဖော်ပြထားသည်။
အောက်တိုဘာလ ၂၆ ရက်နေ့က ပြုလုပ်သော ချင်းအမျိူးသားဒီမိုကရက်တစ်ပါတီ၏ ဗဟိုကော်မတီ အစည်းအဝေးတွင် CNDP သို့ပြောင်းရွှေ့လာသော ပူးပေါလျံလွင်ကို ပါတီဝင်အဖြစ် ကြိုဆိုလက်ခံအတည်ပြုခဲ့ကြ သည်ဟု သိရသည်။
၂၀၁၀ ရွေးကောက်ပွဲတွင် ချင်းတမျိူးသားလုံးကိုယ်စားပြုအဖြစ် ၀င်ရောက်ယှဉ်ပြိုင်ခဲ့ကြသော ချင်းတိုး တက်ရေးပါတီ နှင့် ချင်းအမျိူးသားပါတီတို့သည် တစ်ပါတီအဖြစ် ပေါင်းစည်း ရန် ကြိုးပမ်းခဲ့ကြသော်လည်း အောင်မြင်မှုမရှိခဲ့ပေ။
ထို့နောက် ပါတီပေါင်းစည်းရေးကို လိုးလားသော ချင်းတိုးတက်ရေးပါတီမှ ခေါင်းဆောင်တစ်ချိူ့သည် ၎င်းတို့ပါတီမှ ခွဲ ထွက်ကာ ချင်းအမျိူးသားပါတီ နှင့် ပူးပေါင်းပြီး ချင်းအမျိူးသားဒီမိုကရက်တစ်ပါတီ CNDP အဖြစ်ပြန်လည်ဖွဲ့စည်းခဲ့ကြသည်။