နေပြည်တော် ထိပ်သီး ဆွေးနွေးပွဲ တိုင်းရင်းသား အခန်းကဏ္ဍအား ကိုယ်စားပြုမှု နည်းဟု ဆို

နေပြည်တော် ထိပ်သီး ဆွေးနွေးပွဲ တိုင်းရင်းသား အခန်းကဏ္ဍအား ကိုယ်စားပြုမှု နည်းဟု ဆို
by -
ရွှေဟင်္သာ

ငြိမ်းချမ်းရေးနှင့် အမျိုးသား ပြန်လည် သင့်မြတ်ရေး ခေါင်းစဉ်ဖြင့် မြန်မာနိုင်ငံ သမ္မတ၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၊ လွှတ်တော် နာယက အပါအဝင် နိုင်ငံရေး ထိပ်သီး ခေါင်းဆောင်များ အောက်တိုဘာလ (၃၁) ရက်နေ့တွင် နေပြည်၌ တွေ့ဆုံ ဆွေးနွေး ခဲ့သည့် ဆွေးနွေး ပွဲသည် တိုင်းရင်းသား များအား ကိုယ်စားပြုမှု တဝက် တပျက်သာ ပါ၀င် သည်ဟု NCCT အဖွဲ့ ခေါင်းဆောင် နိုင်ဟံသာက ဝေဖန် ပြောဆိုသည်။

“တိုင်းရင်းသား တွေဘက်က ဆိုရင်ဦးခွန် ထွန်ဦးတို့၊ ဦးစိုင်း အိုက်ပေါင်းတို့ ပါမယ်။ အထိုက် အလျှောက်တော့ အမြင်တွေ ရတာပေါ့။ နိုင်ငံရေး ပဋိပက္ခ ဖြေရှင်း ရာမှာ အဓိက ကျတဲ့ လက်နက်ကိုင် တော်လှန်ရေး အင်အား စုတွေ မပါဘူး၊ အဲဒီလို ပါဝင် လာနိုင်ရင် ပိုမို ကျယ်ပြန့် လာမယ်လေ၊ ဒါကလည်း မြန်မာ့ နိုင်ငံရေး ပြသနာ ပြေ လည်ဖို့ အဓိက ကျနေတဲ့ အချက်ပါ။ အခု တက်ရောက် ဆွေးနွေး နေတဲ့ အနေအထား ကတော့ တိုင်းရင်းသား အခန်းကဏ္ဍကို တစ်ဝတ် တစ်ပျက် လောက်ပဲကိုယ်စား ပြုနိုင်မယ်” ဟု မွန်ပြည်သစ် ပါတီ၏  ဒု-ဥက္ကဌ လည်းဖြစ်သူ တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး ညှိနှိုင်းရေး အဖွဲ့ (NCCT) အဖွဲ့ ခေါင်းဆောင် လည်း ဖြစ်သည့် နိုင်ဟံသာက ဝေဖန် ပြောဆိုသည်။

phophtaw0301

သမ္မတ ဦးသိန်းစိန် အစိုးရ လက်ထက်တွင် အကောင်အထည် ဖော်ခဲ့သည့် မြန်မာနိုင်ငံပြုပြင် ပြောင်းလဲရေး လုပ်ငန်းစဉ်များသည် အောင်မြင် ဖြစ်ထွန်းမှုများ ရှိခဲ့ကာ ဆက်လက် ကြိုးပမ်း ကျော်လွှား ရမည့် စိန်ခေါ်မှု များစွာ ရှိနေ သေးကြောင်း၊ ၎င်းမှာ မြန်မာ့ နိုင်ငံရေး၏ အရှိ တရားပင် ဖြစ်ကာ ထိုစိန်ခေါ်မှု များကို ကျော်လွှား နိုင်ရန် အတွက် အင်အား စုများ အားလုံး စုစည်း ကြိုးပမ်း ဆောင်ရွက် မှသာ အောင်မြင်မှု ရရှိနိုင်မည် ဖြစ်ကြောင်း နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က တွေ့ဆုံပွဲ အဖွင့် မိန့်ခွန်းတွင် ထည့်သွင်း ပြောကြား သွားခဲ့သည်။

အဆိုပါ ဆွေးနွေးပွဲတွင် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်နှင့် ဒု-သမ္မတ နှစ်ဦး၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်း စုကြည်၊ လွှတ်တော် ဥက္ကဌ နှစ်ဦး၊ ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌ၊ ညီညွတ်သော တိုင်းရင်းသား လူမျိုးများ မဟာမိတ် အဖွဲ့မှ ဦးခွန်ထွန်းဦးနှင့် ညီနောင် တိုင်းရင်းသား ပါတီများ ဖက်ဒရေးရှင်းမှ ဦးစိုင်း အိုက်ပေါင်းနှင့် အခြားပါတီ များမှ ကိုယ်စားလှယ် များတို့က အသီးသီး ကိုယ်စားပြု၍ တက်ရောက် ခဲ့ကြသည်။

တိုင်းရင်းသား အရေးနှင့် ပတ်သက် ၍လည်း တို်င်းရင်းသား လက်နက်ကိုင် အဖွဲ့ များ၏အခန်း ကဏ္ဍသည် ပို၍ အဓိက ကျပြီးထိုတွေ့ဆုံ ပွဲသည်ပြည်တွင်း တိုင်းရင်းသား နိုင်ငံရေး ပါတီ များသာ ပါ၀င်သည့် အတွက် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့ များ၏ အခန်း ကဏ္ဍအား ချန်လှပ် ထားသကဲ့သို့ ဖြစ်သွား အဖြင့် ဆုံးဖြတ်ချက် များလည်း တစ်ဖက်တည်း ဖြစ်သွား နိုင်ကြောင်း နိုင်ဟံသာက ဆက်လက် ပြောဆိုသည်။

ကချင်ပြည်နယ် ဒီမိုကရေစီ ပါတီမှ ဥက္ကဌဒေါက်တာ တူးဂျာ ကလည်း ယခု တွေ့ဆုံ ပွဲသည် ငြိမ်းချမ်းရေးနှင့် အမျိုးသား ပြန်လည် သင့်မြတ် ရေးကို ခေါင်းစဉ် တပ်ထားသည့် အတွက် ငြိမ်းချမ်းရေးနှင့် ပတ်သက်၍ တိုင်းရင်းသား များဘက်မှ အားလုံး လွှမ်းခြံု နိုင်သည့် အနေအထားဖြင့် ကိုယ်စားလှယ်များ ပါဝင် သင့်ကြောင်း ၎င်း၏အမြင်ကို ပြောဆိုသည်။

“ခေါင်းစဉ်က ငြိမ်းချမ်းရေး၊ အပစ်အခတ် ရပ်စဲရေး၊ နိုင်ငံရေး ဆွေးနွေး ပွဲပေါ့။ ငြိမ်းချမ်းရေး အဓိက ဖြစ်လာ နိုင်တယ်။ တိုင်းရင်းသား ပါတီ ဘက်က ပါသင့် ပါထိုက်တဲ့ ပုဂ္ဂိုလ်တွေ ပါမယ် ဆိုရင် တိုင်းရင်းသား အရေးနဲ့ ပတ်သက် ပြီးမှ လူကြီးပိုင်း ခေါင်းဆောင် တွေက ပိုပြီး သိရှိ နိုင်မှာပေါ့။ အဲဒါကြောင့် မို့လို့ တိုင်းရင်းသား တွေဘက်က ခေါင်းဆောင်တွေ ပါ၀င်မှု အားနည်း နေတာ တွေ့ရတယ်” ဟု ၎င်း၏ အမြင်ကို ပြောသည်။

ဆွေးနွေးပွဲ တက်ရောက်မည့်  ညီနောင် တိုင်းရင်းသား ပါတီများ ဖက်ဒရေးရှင်း (NBF) ပါတီမှ ဦးစိုင်းအိုက်ပေါင်းက အမျိုးသား ပြန်လည် သင့်မြတ်ရေး ခေါင်းစဉ် အောက်တွင် အပစ်အခတ် ရပ်စဲရေး၊ ငြိမ်းချမ်းရေးနှင့် ဖက်ဒရယ် အကြောင်းအရာ များကို ဆွေးနွေး သွားမည် ဖြစ်ကာ ၎င်းတို့ ဘက်မှတင်ပြ သွားမည့် အကြောင်းအရာ များအတွက် ဆွေးနွေး ထားပြီး ဖြစ်ကြောင်း ရွှေဟင်္သာ သတင်းဌာနသို့ ပြောကြား ခဲ့သည်။

ဤတွေ့ဆုံ ပွဲသည် အမေရိကန် သမ္မတ အိုဘားမား မြန်မာနိုင်ငံ ခရီးစဉ် လာရောက်ရန် ရှိသည့် ကာလ မတိုင်မှီ ခေါ်ဆို ခဲ့သော အစိုးရ၊ လွှတ်တော် ၊ အတိုက်အခံ နို်င်ငံရေး အင်အားစု များ၏ ပထမဆုံး အကြိမ် တွေ့ဆုံမှု ဖြစ်သော်လည်း တွေ့ဆုံ မှုတွင် သီးခြား တိကျသည့် ဆုံးဖြတ်ချက် ချမှတ် နိုင််ခဲ့ခြင်း မရှိပဲ မိမိ အဖွဲ့အစည်း တို့၏ အမြင် များအား တင်ပြ နိုင်ခဲ့ခြင်း ဖြင့်သာ အဆုံးသတ် ခဲ့ရသည်။

အမေရိကန် သမ္မတ အိုဘားမား အနေဖြင့် လာမည့် နိုဝင်ဘာလ အတွင်း မြန်မာနိုင်ငံသို့ ဒုတိယ အကြိမ် ခရီးစဉ် လာရောက်ရန် ရှိကာ ပြီးခဲ့သည့် အောက်တိုဘလာ (၃၀) ရက်နေ့၌ နိုင်ငံတော် သမ္မတ ဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်း စုကြည် ထံသို့ တယ်လီဖုန်းမှ တဆင့် ဆက်သွယ်၍ စကား ပြောကြား ခဲ့ကြောင်း အိမ်ဖြူတော်၏ သတင်း ထုတ်ပြန်ချက်၌ ဖော်ပြ ထားသည်။