ဆင်းရဲနွမ်းပါးသူ ရခိုင်အမျိုးသမီးများမှာ စားအုံးဆီ ခြံများတွင် နေ့စား အလုပ်သမားများ အဖြစ် အလုပ် လုပ်ကိုင်ရန် တနင်္သာရီတိုင်းသို့ အစုလိုက် ထွက်ခွာနေကြသည်ဟု အမည်မဖေါ်လိုသူ ရခိုင်အမျိုးသမီး တဦးက ပြောသည်။
“ယုဇန ဆီအုံး ကုမ္ပဏီက အလုပ်ကြမ်းတွေ လုပ်ဖို့ ရခိုင်ဘက်က လူတွေ ခေါ်နေတော့ ဆင်းရဲ နွမ်းပါးပြီး အလုပ်အကိုင် မရှိတဲ့ အမျိုးသမီးငယ်တွေ အဲဒီ ဆီအုံးခြံတွေမှာ အလုပ် လုပ်ကိုင်ဖို့ သွားနေကြတာ ဖြစ်ပါတယ်။ အဓိက အားဖြင့် အထူးစီးပွားရေး အကျပ်ဆိုက်နေတဲ့ ရသေ့တောင် မြို့နယ် မြောက်ပိုင်းက ရေစိုးချောင်း၊ အမျက်တောင်၊ ကျောက်ရံ၊ ကျောက်တန်းနဲ့ ရပုတ် ကျေးရွာတွေ ဘက်က များပါတယ်။ ”
ထိုသို့ အလုပ်ခေါ်ယူရာတွင် ခရီးစရိတ်ကို ယုဇန ဆီအုံး ကုမ္ပဏီက ပေးပြီး စားစရိတ်အတွက်လည်း ငွေများ ကြိုတင် ထုတ်ချေး ပေးသည်ဟု သိရသည်။
“သူတို့က နေ့စား အလုပ်သမားတွေ အဖြစ် ခေါ်ယူတာပါ။ ရာသီအလိုက် ခေါ်ပြီး ခိုင်းတာပါ။ လုပ်ခက တလကို ကျပ် သုံးသောင်းနီးပါး ရပါတယ်။ နေစရာတွေလည်း စီစဉ်ပေးပါတယ်။ ”
အလုပ်သမများမှာ များသောအားဖြင့် ပေါင်းရှင်း၊ မြက်နုတ်၊ ခြံကာ၊ သစ်ပင်စိုက်၊ မြေတူး စသည့် အလုပ်များတွင် နံနက်မိုးလင်းမှ နေဝင် မိုးချုပ် အထိ အလုပ် လုပ်ကြရသည်ဟု သိရသည်။
ရခိုင်ပြည်နယ်မှ အမျိုးသား အများအပြားမှာ စီးပွားရေး အကျပ်အတည်း အပြင် ဒေသအတွင်း တပ်စွဲထားသော စစ်တပ်များ၏ အနိုင်ကျင့်မူ၊ လယ်မြေများကို အတင်း သိမ်းပိုက်မူများကြောင့် မိမိနေထိုင်ရာ ကျေးရွာများကို စွန့်ပစ်ပြီး နီးစပ်ရာ နိုင်ငံများကို အလုပ် လုပ်ကိုင်ရန် ထွက်ခွာသွားကြပြီး နောက်ပိုင်း ယခု ရခိုင် အမျိုးသမီးများ အနေဖြင့် ဆက်လက်ထွက်ခွာနေကြခြင်း ဖြစ်သည်။
တခြား အမည်မဖေါ်လိုသူ ရခိုင်အမျိုးသမီး တဦးကလည်း “စီးပွားရေးက အထူး ကျပ်လာပါတယ်။ ငွေ တရာကို ရှာလို့ ရဖို့ဆိုတာ ရခိုင်ပြည်နယ်က ကျေးလက်တောရွာတွေမှာ မလွယ်ပါ။ စပါးစျေး အထူးကျသွားတဲ့ အတွက် လယ်ယာလုပ်ငန်းကို အဓိကထားပြီး အသက်မွေးဝမ်းကျောင်း ပြုနေကြတဲ့ လယ်သမားတွေ ပိုပီး နစ်နာနေကြပါတယ်။ လယ်သမားတွေ လက်ထဲမှာ ငွေမရှိတော့ အကုန်လုံး အကျပ်ရိုက် နေကြရပါတယ် ” ဟု ပြောသည်။
ယခင်နှစ်က ယခုအချိန်တွင် စပါးတောင်းတရာကို နှစ်သိန်းနီးပါးထိ စျေးပေါက်ခဲ့သော်လည်း ယခုနှစ်တွင် ကျပ် ကိုးသောင်းကျော်သာ ရှိသည်ဟု သိရသည်။
တခြားမောင်တောမြို့မှ နေ့ချင်းပြန် ခရီးသွားနေသူ အမျိုးသမီး တဦးကလည်း “ကျွန်မတို့မှာ ဘာစီးပွားရေးမှ မရှိသလို အရင်းအနှီးလည်း မရှိဘူး။ ကုလား သူဌေးတွေဆီမှာ ပစ္စည်း အဌားသယ်ပေးနေတဲ့သူတွေသာ ဖြစ်ပါတယ်။ ခုလို မောင်တောမှာ ပစ္စည်း အဌားပြောင်းပြီး လုပ်ကိုင် စားသောက် နေသူ အမျိုးသမီးက စုစုပေါင်း (၂ဝဝ) လောက်ရှိပါတယ်။ ကျွန်မတို့မှာ ဆင်းရဲလွန်းတဲ့အတွက် မလုပ်ချင်ပေမယ့် ကုလား သူဌေးတွေဆီမှာ အဌားခံနေရပါတယ်။ ရှင်းရှင်း ပြောရမယ် ဆိုရင်တော့ ကျွန်မမှာ ဒီခန္ဓာ တခုကလွဲရင် ကျန်တာ အကုန်လုံး ပေးလိုက် ရပါပြီ ” ဟု ပြောသည်။
ရခိုင်ပြည်နယ် တခုလုံးတွင် စီးပွားရေး အကျပ်ဆိုက်နေပြီ်း ယခင်က စီးပွားရေး အဆင်ပြေသူများလည်း ယခုအခါ အဆင်မပြေတော့ကြောင်း သိရသည်။
အမည်မဖေါ်လိုသူ ကျောင်းဆရာ တဦးကလည်း “ ဟို ဘုရင်ခေတ်တုန်းကတော့ ဗမာ ဘုရင်တွေက ဓါးတွေ လှံတွေကို သုံးပြီး ရခိုင်ကို မြေလှန် ဖျက်ဆီး ပစ်ခဲ့ပါတယ်။ ဒီနေ့ကာလမှာတော့ ဓါးခေတ် လှံခေတ် ကုန်သွားပြီင်္းဆိုတော့ နအဖ စစ်အုပ်စု စီးပွားရေး လက်နက်ကို အသုံးပြုပြီး ရခိုင်ကို မြေလှန် ဖျက်ဆီးပစ်နေတာ ဖြစ်ပါတယ်။ ဆင်းရဲလာတော့ မျိုးစောင့် တရားတွေ ဘာတွေ ဘယ်ထား နိုင်တော့မလဲ။ ထမင်း နပ်မှန်ဖို့ အရေးကြီးတယ်၊ ဗမာ စစ်သားဆိုလည်း အမျိုးသမီးငယ်တွေက ယူကြတာပါဘဲ။ နောက်ဆုံး ဗမာ စစ်သားတွေကို ယူလည်း ထမင်းငတ်တာ့ မထူးဘူးဆိုပြီး တခြားဒေသတွေကို သွားပြီး အလုပ် လုပ်ကြရတာပါဘဲ ” ဟု ပြောသည်။
များမကြာမှီက ဘင်္ဂလာဒေချ့်သို့ ထွက်ပြေးလာသူ ဗမာ စစ်သားငယ် တဦးအား မေးကြည့်ရာ သူက “ကျွန်တော်က ပြည်နယ် တော်တော်များကို ရောက်ဖူးတယ်။ စိတ်လည်း မဆိုးနဲ့အကို။ ဖန်ရတာ အထဲမှာ ရခိုင်သမတွေကို ဖန်ရတာက တခြား လူမျိုး အမျိုးသမီးတွေထက် လွယ်တယ် ” ဟု ပြောသည်။
နဖအ စစ်အစိုးရသည် အမျိုးချစ်စိတ်ဓါတ် အထူးထက်သန်သော ရခိုင်လူမျိုးများကို ဖျက်ဆီးရန်နှင့် လူမျိုးရေး သွေးနှောရန် အတွက် ရခိုင်ပြည်နယ် စီးပွား တခုလုံးကို ပထမ ဖျက်ဆီးပစ်လိုက်ပြီး ၎င်းနောက်ပိုင်းတွင် လူမျိုးရေး သွေးရောနှောရန် အတွက် စစ်တပ် တပ်ရင်းပေါင်း (၆ဝ) နီးပါးခန့်ကို ရခိုင်တွင် တပ်စွဲ ချထားလိုက်သည်။ ယင်းနောက်ပိုင်းတွင် ရခိုင်လူုမျိုးများ တိုးတက်ရေးအတွက် စက်ရုံ အလုပ်ရုံ တရုံမှ တည်ဆောက်ပေးခြင်း မရှိဘဲ ဗမာပြည်နှင့် ရခိုင်ပြည် အကြား တံခါးမရှိ ဓါးမရှိ သွားလာနိုင်အောင် ကားလမ်း ရထားလမ်းများကို သာ တခုပြီး တခုဖေါက်လုပ်ပေးနေကာ ရခိုင်ပြည်နယ် တိုးတက်ရန်အတွက် လုပ်ကိုင်ပေးနေကြောင်း ဝါဒဖြန့် ကျေညာမူများ ပြုလုပ်နေသည်။
အမည်မဖေါ်လိုသူ စစ်တွေမှ ဆရာတော်တပါးက “တကာ စဉ်းစားကြည့်ပါ၊ ရထားလမ်း ဖေါက်လိုက်တာနဲ့ ဘယ်သူတွေ အရင်ဆုံး ရခိုင်ပြည်နယ်ထဲကို ရောက်လာမှာလဲ။ ဗမာအရာရှိတွေ ဂါတ်ဗိုလ်တွေဘဲ အရင် ရောက်လာမှာ။ ဒါတွေကို စစ်အာဏာပိုင်တွေက စီမံကိန်းတွေချပြီး လုပ်ကိုင်နေတာ၊ ဆရာတော်က လူမျိုးရေး ကျဉ်းမြောင်းတာတော့ မဟုတ်ဘူး။ ကိုယ့်လူမျိုး ကိုယ့်ပြည်နယ်ကို တော့ တည်တံ့ချင်တယ်။ ခုလို ဖျက်ဆီးနေရင်တော့ သိပ်မကြာပါဘူး။ ရခိုင်လူမျိုး ပျောက်သွားနိုင်တယ် ” ဟု ပြောသည်။