အမျိုးသားပညာရေး ဥပဒေကို မန်းတွင် သုံးကြိမ်မြောက် ဆန္ဒပြ

အမျိုးသားပညာရေး ဥပဒေကို မန်းတွင် သုံးကြိမ်မြောက် ဆန္ဒပြ
by -
မဇ္စျိမ

အမျိုးသား ပညာရေး ဥပဒေကို ကျောင်းသားအများစု၏ သဘောဆန္ဒမပါဘဲရေးဆွဲ အတည်ပြုပြဋ္ဌာန်းခဲ့၍ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ သမဂ္ဂအဖွဲ့ချုပ် ခရိုင်ကျောင်းသားများ သမဂ္ဂများက အောက်တိုဘာ ၃၁ ရက်တွင် သုံးကြိမ်မြောက်ဆန့်ကျင် ကန့်ကွက်ဆန္ဒပြပွဲပြုလုပ်ခဲ့သည်ဟု ဗကသ မန္တလေးခရိုင် ကျောင်းသားများ သမဂ္ဂဥက္ကဋ္ဌ ကိုဆွေလင်းထွန်းက ပြောသည်။

“ဒီဥပဒေကို မူကြမ်းကတည်းက ကျောင်းသားသမဂ္ဂက မထောက်ခံဘူး။ ဆန့်ကျင်ကန့်ကွက်ခဲ့တယ်။ ဒီဥပဒေက ဗဟိုချုပ်ကိုင်မှု အားကြီးတယ်။ ကျောင်းသား သမဂ္ဂတွေ လွတ်လပ်စွာ ဖွဲ့စည်းခွင့်မရှိဘူး။ ကျွန်တော်တို့လိုချင်တဲ့ ဒီမိုကရေစီပညာရေးကို အာမခံချက်မပေးနိုင်ဘူး” ဟု ၎င်းက ပြောသည်။

National-Legislate-Demonstration-Mandalay

အဆိုပါ ဆန္ဒထုတ်ဖော်ပွဲကို ရန်ကုန်တောင်ပိုင်းခရိုင် ကျောင်းသားများသမဂ္ဂ၊ ရန်ကုန် အရှေ့ပိုင်းခရိုင် ကျောင်းသားများ သမဂ္ဂများအပြင် မုံရွာခရိုင်၊ မိထ္ထီလာခရိုင်၊ ရတနာပုံတက္ကသိုလ်၊ နည်းပညာတက္ကသိုလ် တို့မှ ဗကသကျောင်းသားများ ပူးပေါင်းဆန္ဒ ထုတ်ဖော်ခဲ့သည်။

“တစ်နိုင်ငံလုံးမှာရှိတဲ့ ကျောင်းသား၊ ကျောင်းသူတွေ အားလုံးက ဒီဥပဒေထဲမှာ ပါ၀င်ပတ်သက်နေပါတယ် ။ ဒီဥပဒေက အစိုးရက သူတို့လုပ်ချင်သလို လုပ်ထားတဲ့ ဥပဒေဖြစ်နေတော့ နောင်လာမယ့် မျိုးဆက်သစ် တွေလည်း ဒီပညာရေးဥပဒေနဲ့ ပတ်သက်ပြီး သူတို့တွေ ခံရဦးမယ်။ အစိုးရ က ဒီအတိုင်းဆက်လက် ပြီး တော့ သွားနေမယ်ဆိုရင် ကျောင်းသားတွေကို သက်သက် နှိမ်ထားသလိုဖြစ်နေမယ်။ ကျွန်မတို့က ဒီအ တိုင်း ငြိမ်ခံနေမှာ မဟုတ်ဘူး” ဟု ဆန္ဒထုတ်ဖော်ရာတွင်လာရောက် ပူးပေါင်းသူ ရန်ကုန်တောင်ပိုင်းခရိုင် ကျောင်းသားများ သမဂ္ဂ ဥက္ကဋ္ဌ မပိုးပိုးက ပြောသည်။

ဆန္ဒထုတ်ဖော်ရာတွင် ပါ၀င်ခဲ့သည့် ကျောင်းသားများသည် အမျိုးသားပညာရေး ဥပဒေကို ဆန့်ကျင် ကန့် ကွက်သည်သာမက တစ်နိုင်ငံလုံး အတိုင်းအတာအရ ပုဒ်မ-၁၈ ဖြင့် တရားစွဲဆို ထောင်ချခံနေရသည့် အလုပ်သမား၊ လယ်သမား၊ ကျောင်းသားများကို ပြန်လွှတ်ပေးရန် တောင်းဆိုခဲ့ကြသည်။

“ပြောချင်တာက ကျောင်းသားထုတစ် ရပ်လုံး၊ ဗကသများ အဖွဲ့ချုပ်၊ လူထုတစ် ရပ်လုံးအပေါ် မတရား ဖိနှိပ်မှုကို ဘယ်တော့မှ ခေါင်းငုံမခံဘူး။ ဘယ်တော့မှ အရှုံးမပေးဘူး။ မတရားမှု ပျက်သုဉ်းသွားသည့် အထိ တိုက်ပွဲဝင်သွားမှာ ဖြစ်ပါတယ်”ဟု မန္တလေးခရိုင် ကျောင်းသားများသမဂ္ဂမှ ကိုဉာဏ်ထိန်လင်းက ပြောသည်။

မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ ဆရာမများ သမဂ္ဂအဖွဲ့ဝင် ဦးသန်းထိုက်အောင်က “ကော်မရှင်ကို ပြည် ထောင်စု လွှတ်တော် သဘောတူညီချက်နဲ့ ပြင်ဆင်နိုင်တဲ့အတွက် လွှတ်တော်ကိုယ်စားလှယ်များရဲ့ အခန်း ကဏ္ဍအရေးပါလာတယ်။ ကျောင်းသားသမဂ္ဂတွေက လုပ်ဆောင်ချက်တွေကို NNER အပါအဝင် CSO (အရပ်ဘက် အဖွဲ့အစည်း) အားလုံးက ထောက်ခံပါတယ်” ဟု ပြောသည်။။

အမျိုးသားပညာရေးဥပဒေအခန်း -၄ တွင် အမျိုးသားပညာရေးကော်မရှင်ဖွဲ့စည်းပြီး ပညာရေးဆိုင်ရာ လမ်းညွှန်ချက်များ၊ ပညာရေးစီမံကိန်းကို လေ့လာခြင်း၊ အကဲ ဖြတ်ခြင်း၊ ပြည်တွင်း၊ ပြည်ပငွေကြေးနှင့် အထောက်အပံ့များ ရယူသုံးစွဲခြင်း၊ ပြည်တွင်း၊ ပြည်ပကျောင်းများ ဖွင့်လှစ်ခွင့်၊ ပိတ်သိမ်းခွင့်တို့ကို ဆောင် ရွက်နိုင်သည်ဟု ပြဋ္ဌာန်းထားသည်။

Most read this week