သမ္မတ ဦးသိန်းစိန်နှင့် အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့ နှစ်ဦးကို အမေရိကန် သမ္မတ အိုဘားမားက အောက်တိုဘာ ၃၀ ရက် တွင် တယ်လီဖုန်းဖြင့် သီးခြားစီဆက်သွယ်ပြီး ဆွေးနွေးခဲ့သည်ဟု အိမ်ဖြူတော်က သတင်းထုတ်ပြန်လိုက်သည်။
သမ္မတ ဦးသိန်းစိန် လက်ထက်တွင် ပထမဆုံးဖိတ်ခေါ်ခဲ့သည့် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် တပ်မ တော် ထိပ်ပိုင်းခေါင်းဆောင်များ၊ လွှတ်တော် ဥက္ကဋ္ဌများ၊ ပြည်ထောင်စုရွေးကောက် ပွဲကော်မရှင်ဥက္ကဋ္ဌနှင့် နိုင်ငံရေး ပါတီများမှ ခေါင်းဆောင်အချို့တို့ အောက်တိုဘာ ၃၁ ရက်က တွေ့ဆုံဆွေးနွေးပွဲ မကျင်းပမီ ယခု ကဲ့သို့ ဆက်သွယ်ခဲ့ ခြင်းဖြစ်သည်။
သမ္မတ အိုဘားမားနှင့် ဦးသိန်းစိန်တို့သည် မြန်မာ့နိုင်ငံရေးနှင့် စီးပွားရေး ဆိုင်ရာပြုပြင်ပြောင်းလဲမှုများ၊ ရခိုင်ပြည်နယ်တွင်းရှိ တင်းမာမှု အခြေအနေများအပေါ် ကိုင်တွယ်ဖြေရှင်းမှုများနှင့် မြန်မာ့ငြိမ်းချမ်းရေး လုပ် ငန်းစဉ်များကို ဖုန်းဖြင့်ဆက်သွယ်ပြီး ဆွေးနွေးခဲ့သည်ဟု အိမ်ဖြူတော်၏ ထုတ်ပြန်ချက်ကို ကိုးကားပြီး မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံး၏ အောက်တိုဘာ ၃၁ ရက်က ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
သမ္မတအိုဘားမားက မြန်မာနိုင်ငံတွင်၂၀၁၅ ခုနှစ်အတွင်း ရွေးကောက်ပွဲ ကျင်းပရန်လိုအပ်သည်ဟု သမ္မတ ဦးသိန်းစိန်အား တိုက်တွန်းပြောဆိုခဲ့သလို အမေရိကန်ပြည်ထောင်စုက မြန်မာပြည်သူများ ပိုမို လွတ်လပ်မှုရရှိရေး၊ ပွင့်လင်းမှုနှင့် ပေါကြွယ်ဝသော နိုင်ငံဖြစ်စေရေး ကူညီမည်ဟု ပြောဆိုခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။
ဒေါ်အောင်ဆန်းစုကြည်နှင့် ဆွေးနွေးရာတွင်မူ လာမည့် ၂၀၁၅ ရွေးကောက်ပွဲ အကြောင်းနှင့် နိုင်ငံရေး၊ စီးပွားရေး စသဖြင့်ပါဝင်သည်။
သမ္မတအိုဘားမားသည် မြန်မာနိုင်ငံသို့ ဒုတိယမြောက်ခရီးစဉ်အဖြစ် နို၀င်ဘာလအတွင်းပြုလုပ်မည့် အာရှပစိဖိတ် ထိပ်သီးဆွေးနွေးပွဲသို့ လာရောက်ရန်ရှိသည်။ ၎င်း၏ ပထမဆုံး မြန်မာနိုင်ငံခရီးစဉ်အဖြစ် ၂၀၁၂ ခုနှစ်အတွင်းက လာရောက်ခဲ့ပြီး ရန်ကုန်တက္ကသိုလ်တွင် မိန့်ခွန်းပြောဆိုသွားသည်။