ဖမ်းမိ မူးယစ် ဆေးဝါးကြောင့် တောင်ပိုင်း ဝ ခေါင်းဆောင်၏ စီးပွားရေး လုပ်ငန်း ချိတ်ပိတ် ခံရ

ဖမ်းမိ မူးယစ် ဆေးဝါးကြောင့် တောင်ပိုင်း ဝ ခေါင်းဆောင်၏ စီးပွားရေး လုပ်ငန်း ချိတ်ပိတ် ခံရ
by -
သျှမ်းသံတော်ဆင့်

ဖမ်းဆီး ရမိသည့် မူးယစ် ဆေးဝါးများသည် တောင်ပိုင်း ဝ ခေါင်းဆောင်နှင့် ပတ်သက် ဆက်နွယ်သည် ဟုဆိုကာ သျှမ်းပြည် အရှေ့ပိုင်း မိုင်းတုံမြို့နယ် အတွင်း ဝ တပ်ဖွဲ့ ခေါင်းဆောင်ပိုင် စီးပွားရေး လုပ်ငန်း အချို့ ချိတ်ပိတ် ခံထားရ သည်ဟု ဆိုသည်။

သျှမ်းပြည်တောင်ပိုင်း မိုင်းတုံမြို့နယ် ပုံပါကျင်မြို့နယ်ခွဲ အသွားလမ်းမပေါ်ရှိ တောင်ပိုင်း ဝ တပ်ဖွဲ့ ဝေ့ရှော်ယင် ပိုင်ဆိုင်သည့် နေအိမ်၊ ရာဘာခြံ၊ ဓါတ်ဆီဆိုင်နှင့် အခြားပတ်သက်ဆက်နွယ်သည့် စီးပွားရေးလုပ်ငန်းများ အား မြန်မာ့ အာဏာပိုင်များက ချိတ်ပိတ်လိုက်သည်ဟု ဆိုသည်။

ချိတ်ပိတ်ခံရ ၀ ခေါင်းဆောင်များ၏ လုပ်ငန်းတချို့

“လွယ်ဆမ်ဆုံ(မ်) က လာတဲ့ ကားနှစ်စီးကို အစိုးရ တပ်မတော်နဲ့ရဲတပ်ဖွဲ့မူးယစ်တို့က တားဆီးစစ်ဆေး ဖမ်းဆီးတယ်။ ဘိန်းဖြူ ၊ ယာဘ တင်ဆောင်တဲ့ကားနှစ်စီးကို ဖမ်းဆီးလိုက်တာ။ နှစ်လ လောက်ရှိ တော့မယ်။ ပိုင်ရှင်က ၀ ခေါင်း ဆောင်လို့ပြောတယ်။ ဒါကြောင့် အာဏာပိုင်တွေက ဟွေ့အော့က သူတို့ရဲ့ ဓါတ်ဆီဆိုင်၊ နေအိမ်နဲ့ တခြားပတ်သက်တဲ့ လုပ်ငန်းတွေကို ချိတ်ပိတ်လိုက်တာ” ဟု ဟွေ့အော့ရောက် မိုင်းတုံဒေသခံ တစ်ဦးကပြောသည်။

မိုင်းတုံမြို့နယ်အတွင်း ဝေ့ရှော်ယင်ခေါင်းဆောင်သောတောင်ပိုင်း ဝ တပ်ဖွဲ့က ရာဘာလုပ်ငန်း၊ အုတ်လုပ်ငန်း၊ ဓါတ်ဆီအရောင်းဆိုင်များ အပြင် အခြားသောတရားမဝင် လုပ်ငန်းများ လည်း လုပ်ကိုင်သည်ဟု ဆိုသည်။

ဝေ့ရှော်ယင်သည် မူးယစ်ဆေးဝါးမှုဖြင့် ထိုင်းနိုင်ငံအစိုးရ ဘတ်ငွေ ၂ သန်းဖြင့် ဖမ်းဝရန်းထုတ်ထားသည့် ဝ တပ်ဖွဲ့ ခေါင်းဆောင် စာရင်းဝင် ဝေ့ရှော်ကန်း (လက်ရှိပန်ဆိုင်းမြို့နေသူ) ၏ ညီအရင်းဖြစ်သည်။

“အခုလိုဖမ်းဆီးနေတာတွေ၊ ပူနားကိုမှာ မူးယစ်ဆေးဝါး ပိတ်ဆို့ ဖမ်းဆီးတာတွေက ဟန်ပြဘဲ။ တကယ့်ပင်ရင်း ၊ တိုက်ရိုက် ထုတ်လုပ်တဲ့ အကြီးပိုင်းကို ဘယ်တော့မှ ဖမ်းမမိဘူး။ အဖျားပိုင်း ကိုဘဲအမြဲဖမ်းမိတာ။ ပူနားကိုသွားဝိုင်း တုန်းကလဲ ဒီလိုဘဲ။ ဒီတော့ မူးယစ်ဆေးဝါးက ဆက်ရှိနေဦးမှာဘဲ။ သမ္မတအိုဘား မား မြန်မာနိုင်ငံကို မလာခင် လုပ်ပြနေတာ။ နာမည်ကောင်းရအောင်” ဟု သျှမ်းပြည်မူးယစ်ဆေး ဝါး စောင့်ကြည့်ရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

မြန်မာနိုင်ငံတွင် မူးယစ်ဆေးဝါး ထုတ်လုပ်မှုများအနက် ၉၆% မှာ သျှမ်းပြည်မှ ထွက်ရှိသည်ဟု ဆိုသည်။ ကမ္ဘာတွင် အာဖကန်နစ္စတန်ပြီးလျှင် မြန်မာနိုင်ငံသည် မူးယစ်ဆေးဝါး ထုတ်လုပ်မှု အများဆုံးဟု ကမ္ဘာ့မူးယစ်ဆေးဝါး နှင့် ရာဇဝတ်မှုဆိုင်ရာ နှိမ်နင်းရေး UNODC က ထုတ်ပြန်ထားဖူးသည်။