ရှေးဟောင်းအမွေအနှစ်များ ပျက်စီးမည်ဆိုပါက မြောက်ဦးမြို့တော်ခန်းမ တည်ဆောက်ခြင်းကို ကန့်ကွက်မည်

ရှေးဟောင်းအမွေအနှစ်များ ပျက်စီးမည်ဆိုပါက မြောက်ဦးမြို့တော်ခန်းမ တည်ဆောက်ခြင်းကို ကန့်ကွက်မည်
by -
နိရဥ္စရာ

ရခိုင်ပြည်နယ်၏ ခရိုင်မြို့ (၅) ခုထဲတွင် တစ်ခု အပါအဝင် ဖြစ်သော မြောက်ဦးတွင် တည်ဆောက်မည့် မြို့တော် ခန်းမကြောင့် ရှေးဟောင်း ယဉ်ကျေးမူ အမွေအနှစ်များပျက်စီးမည်ဆိုပါက ကန့်ကွက်သွားမည်ဟု ရခိုင်လူမှု ကွန်ရက်(မြောက်ဦး)က ကြေညာချက် ထုတ်ပြန်သည်။

ယင်းကြေညာချက်အား အောက်တိုဘာလ ၂၉ ရက်နေ့က ထုတ်ပြန်ခြင်း ဖြစ်ပြီး မြောက်ဦးမြို့၏ရှေးဟောင်း အမွေအနှစ် များကို တစ်စုံတရာ ထိခိုက် ပျက်စီးစေမည်ဆိုပါ မြို့ခံများနှင့်အတူကန့်ကွက်သွားမည်ဟုဖေါ်ပြ သည်။

narinjara31

မြောက်ဦးမြို့၌ အခမ်းအနားများ၊ လူထုအစည်းအဝေးပွဲများ၊ ဟောပြောပွဲများ၊ သင်တန်းများ စနစ်တကျ သပ်သပ်ရပ်ရပ် ကျင်းပနိုင်ရန် အတွက် မြို့တော်ခန်းမတစ်ခုလိုအပ်နေသော်လည်းယင်းခန်းမကြောင့် ရှေးဟောင်းယဉ်ကျေးမူ အမွေအနှစ်များ မပျက်စေလိုဟု  ကြေညာချက်တွင် ဖော်ပြသည်။

“တကယ်လို့သာ ဒီခန်းမတည်ဆောက်မယ့်မြေနေရာဟာ ရခိုင်ဘုရင်တွေ၊ မင်းညီမင်းသားတွေရဲ့ သချုႋင်းမြေနေရာဖြစ်တယ်ဆိုရင် မြို့ခံလူထုတွေရဲ့သဘောထားကိုကောက်ခံသွားမယ်။ အဲဒီကောက်ခံရရှိတဲ့ အပေါ်မှာ မူတည်ပြီး ကျွန်တော်တို့ လုပ်သင့်တာကို ဆက်လုပ်သွားဆောင်သွားပါ့မယ်”ဟု ရခိုင် လူမှုကွန်ရက် (မြောက်ဦး) မှ ကိုအောင်စိုးမြင့်က ပြောသည်။

ယင်းနေရာတွင်မြို့တော်ခန်းမတည်ဆောက်လိုက်ခြင်းဖြင့် မြောက်ဦးမြို့အား ကမ္ဘာ့ရှေးဟောင်းအမွေအနှစ် များစာရင်းတွင် ထည့်သွင်းရန်  သတ်မှတ်ထားသော စံချိန်စံညွှန်းများနှင့် ကိုက်ညီမှုမရှိဘဲ ဖြစ်သွားခြင်း (သို့မဟုတ်) ပြည်နယ် အစိုးရအဖွဲ့ကပြဌာန်းထားသော ယဉ်ကျေးမှု အမွေအနှစ်များ ထိန်းသိမ်းရေးဥပဒေ ပါပြဌာန်းချက်များနှင့် ငြိစွန်းနေ မည်ဆိုပါက ထိုခန်းမတည်ဆောက်ရေးအား ကန့်ကွက် သွားမည် ဖြစ်ကြောင်းလည်း ရခိုင်လူမှုကွန်ရက် (မြောက်ဦး)၏ကြေညာချက်တွင် ဆက်လက်ဖော်ပြထားသည်။

ယင်းနှင့်ပတ်သက်ပြီး မြောက်ဦးမြို့၊ ရှေးဟောင်းသုတေသနဌာနမှ တာဝန်ရှိသူတစ်ဦးက “UNESCO စာရင်းဝင်ဖို့ဆောင်ရွက်ရာမှာ ကျွန်တော်တို့က ဧရိယာ Photo (ဓါတ်ပုံ) ပေးရတယ်ခင်ဗျ။ အဲလိုပေးတဲ့အခါ အခုဆောက်မယ့် ဒီအဆောက်အဦးကြီးက ပါမသွားဘူး ဆိုရင်တော့ ပြသနာဖြစ်လာနိုင်တယ်။ စောစောစီးစီး တည်ဆောက်ထား လိုက်နိုင်ရင်တော့ ပြသနာ မရှိနိုင်ပါဘူး”ဟု ပြောသည်။

ခန်းမတည်ဆောက်ရန် သက်ဆိုင်ရာကသတ်မှတ်ထားသည့်နေရာမှာ မြောက်ဦးမြို့၊ ကြက်စျေးရပ် ကွက်ရှိ ရှစ်သောင်းပုထိုးတော်ကြီးနှင့် အနော်မာပန်းခြံတို့အနီးတွင်တည်ရှိပြီး ယင်းနေရာသည် ယခင် ရခိုင်ဘုရင့်ခေတ်အဆက်ဆက်က မင်းညီမင်းသားများ၏ ရုပ်အလောင်း များကိုမြှုပ်နှံသည့်သချုႋင်းမြေနေရာဖြစ် သည်ဟုဆိုကာ မြို့ခံအချို့က ယခုကဲ့သို့ ကန့်ကွက်နေကြခြင်းဖြစ်ကြောင်း သိရသည်။

မြောက်ဦးမြို့ကို ပြီးခဲ့သည့် ၂ဝ၁၃ ခုနှစ်မှစတင်ကာ အစိုးရက ကျောက်တော်၊ မင်းပြား၊ မြောက်ဦးနှင့် မြေပုံမြို့များဖြင့်ဖွဲ့စည်း၍ ခရိုင်မြို့အဖြစ်တိုးချဲ့ဖွဲ့စည်းခဲ့ပြီးဖြစ်သည့်အတွက် မြို့အင်္ဂါရပ်နှင့်ညီညွတ်စေရန် ယခုကဲ့သို့ မြို့တော်ခန်းမ တစ်ခု တည်ဆောက်ရန် သက်ဆိုင်ရာမှ စီစဉ် ပြင်ဆင်ခြင်း ဖြစ်သည်။

ထိုမြေနေရာသည် ရခိုင်မင်းညီမင်းသားများ၏ သချုႋင်းမြေနေရာဖြစ်သည်ဟု ရခိုင်သမိုင်းပညာရှင်များက ပြောဆို ကန့်ကွက်ထားကြသည့် အတွက် လက်ရှိတွင် ခန်းမတည်ဆောက်ခြင်းလုပ်ငန်းအား ရပ်နားထားသည်ကို တွေ့ရကြောင်း မြို့ခံများက ပြောသည်။ မြောက်ဦးမြို့တော်ခန်းမတည်ဆောက်နိုင်ရန်အတွက် ရခိုင်ပြည်နယ် အစိုးရအဖွဲ့က ဘတ်ဂျတ်သိန်း ၂ဝဝဝ အကုန်အကျ ခံထားကြောင်းလည်း ရခိုင်ပြည်နယ်ဝန်ကြီးချုပ်၏ပြောဆို ထားချက်အရ သိရသည်။

မြောက်ဦးမြို့သည် အေဒီ ၁၄၃၀ မှ ၁၇၈၄ ခုနှစ်ထိ ထွန်းကားခဲ့သောရခိုင်ရှေးဟောင်းမြို့တော် တစ်ခု ဖြစ်သည်။

Most read this week