သျှမ်းပြည် တောင်ပိုင်း ကာလိမြို့နယ်ခွဲ အတွင်း တပ်ချ လှုပ်ရှား နေသည့် ခြေလျင် တပ်ရင်း အမှတ် ၁၅၁ လက်အောက်ခံ တပ်ခွဲမှူး ဗိုလ်သိန်းစိန်က ကျေးလက် လူထုအား ည ၁၀ နာရီ နောက်ပိုင်း မီးမထွန်းရ၊ မီးထွန်း သွားလာလျှင် ပစ်ခတ် ခံရမည်ဟု ဒေသခံများအား ဆင့်ခေါ်ကာ ညွှန်ကြား ထားသည်ဟု ဆိုသည်။
အောက်တိုဘာ ၂၇ ရက်နေ့က သျှမ်းပြည်တောင်ပိုင်း ကွန်ဟိန်းမြို့နယ် ကာလိမြို့နယ်ခွဲ နှင့် မိုင်းစံ မြို့နယ်ခွဲကြား ဟောင်လိတ်ကျေးရွာ ဘုန်းကြီးကျောင်း၌ တပ်စခန်းချနေထိုင်သည့် ခလရ ၁၅၁ လက်အောက်ခံ တပ်ခွဲမှူးဗိုလ်သိန်းစိန်က ဒေသခံများအား ခေါ်ယူက မီးထွန်းသွားလာခြင်းမပြုရန် ၊ တွေ့ရှိပါက ပစ်ခတ်ခြင်းခံရလျှင် တာဝန်ယူမည် မဟုတ် ကြောင်း ပြောသည်။
“ဒီ စစ်ဗိုလ်က ဒီကိုရောက်တာ လပိုင်းဘဲရှိတယ်။ လလယ်ပိုင်းတုန်းကလဲ ည ၁၀ နာရီလောက် အလကား နေ ရင်း သေနတ်ပစ်ဖေါက်တယ်။ အားလုံးလန့်သွားတာပေါ့။ ပီးခဲ့တဲ့အပတ်က ရွာသူကြီးကိုခေါ်ပြီး ပြောတယ်။ ည ၁၀ နာရီ နောက်ပိုင်းမီးမထွန်းရဘူးတဲ့။ အခု မနေ့က ထပ်ခေါ်ပြောတာက ပစ်သတ်ခံ ရရင် တာဝန်မယူဘူးတဲ့” ဟု အမည် မဖေါ်လိုသည့် ရွာသားတစ်ဦးကပြောသည်။
ခလရ ၁၅၁ လက်အောက်ခံ တပ်ခွဲတခုသည် ဟောင်လိတ်ကျေးရွာဘုန်းကြီး၌ အခြေချနေထိုင်သည်မှာ ၂ နှစ်ခန့်ရှိပြီ ဖြစ်ကြောင်း၊ ဝါတွင်းဥပုသ်သည်များအခက်အခဲကြောင့်ဖယ်ရှားပေးဖို့ ကူညီပြောဆိုပေးရန် ကွန်ဟိန်းပြည်သူ့လွှတ် တော်ကိုယ်စားလှယ် နန်းဝါနုထံ ရွာသားများတင်ပြပြီးနောက် တပတ်ခန့်သာရှောင်ပေးကြောင်း၊ ယခုထက်ထိဘုန်းကြီး ကျောင်းအား တပ်စခန်းအဖြစ်ပြန်လည်အသုံးပြုနေ ဆဲဖြစ်ကြောင်း ပြောသည်။
အဆိုပါဒေသသည် အစိုးရတပ်မတော်လက်အောက်ခံ ကာလိပြည်သူ့စစ်တပ်ဖွဲ့ လှုပ်ရှားသွားလာ ရာဒေသဖြစ်သည်။ ၎င်းတို့သည် သျှမ်းပြည်တပ်မတော် SSPP/SSA တပ်မဟာ ရ တပ်ဖွဲ့ဝင်ဟောင်း များဖြစ်ကြသည်။