အနှစ်၂၀ ပြည့် တရုတ်နိုင်ငံ တီယန်မင် အရေးအခင်း

အနှစ်၂၀ ပြည့် တရုတ်နိုင်ငံ တီယန်မင် အရေးအခင်း
by -
မြတ်စိုး
မြန်မာနိုင်ငံမှာ  ၁၉၈၈ ခုနှစ် ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံကြီး ဖြစ်ပွားခဲ့ပြီးနောက်၊ မကြာခင်မှာပဲ တရုတ်နိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့  ဒီမိုကရေစီရေးလှုပ်ရှားမှု တီယန်မင် အရေးတော်ပုံကြီး ဆက်တိုက်ဆိုသလို ဖြစ်ပွားခဲ့တယ်။ ၁၉၈၉  တရုတ်နိုင်ငံမှာ  ဖြစ်ပွားခဲ့ ...

မြန်မာနိုင်ငံမှာ  ၁၉၈၈ ခုနှစ် ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံကြီး ဖြစ်ပွားခဲ့ပြီးနောက်၊ မကြာခင်မှာပဲ တရုတ်နိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့  ဒီမိုကရေစီရေးလှုပ်ရှားမှု တီယန်မင် အရေးတော်ပုံကြီး ဆက်တိုက်ဆိုသလို ဖြစ်ပွားခဲ့တယ်။ ၁၉၈၉  တရုတ်နိုင်ငံမှာ  ဖြစ်ပွားခဲ့တဲ့ ဒီမိုကရေစီရေးလှုပ်ရှားမှု တီယန်မင် အရေးတော်ပုံဟာ ယနေ့တော့ အနှစ် ၂ဝ  ပြည့်မြောက်ခဲ့ပါပြီ။

ဒီ အနှစ် ၂ဝ ပြည့် အထိမ်းအမှတ်ကို ပြည်ပရောက် တရုတ်လူမျိုး ဒီမိုကရေစီအရေး လှုပ်ရှားသူများက အထိမ်းအမှတ် အခမ်းအနားတွေကို နေရာအနှံ့အပြားမှာ ကျင်းပနေကြပေမယ့်၊ တရုတ်နိုင်ငံတွင်း နေထိုင်နေကြတဲ့ ၁၉၈ဝ ဆယ်စုနှစ် နောက်ပိုင်းမှာ မွေးဖွားခဲ့ကြတဲ့ သန်း ၂ဝဝ ကျော်ရှိလောက်ရှိတဲ့ ကျောင်းသား ကျောင်းသူ လူငယ်အများစုကတော့ တီယန်မင် အရေးတော်ပုံကို သိရှိကြသူ နည်းပါးလာသလို၊ စိတ်ဝင်တစားပြောဆိုမှုတွေ မပြသကြတော့ဘူးလို့ နိုင်ငံခြား သတင်းမီဒီယာတွေမှာ ဖော်ပြနေကြပါတယ်။

၁၉၈ဝ ခုနှစ် ပတ်ဝန်းကျင်ကာလမှာ တရုတ်နိုင်ငံဟာ တရုတ်ကွန်မြူနစ် ပါတီရဲ့   ဦးဆောင်မှုအောက်မှာ ဆင်းရဲမွဲတေမှု၊ နိုင်ငံရေးနဲ့ ဘာသာရေး ဖိနှိပ်မှုတွေ၊ စီးပွားရေးကပ်ဆိုက်မှုတွေ၊ ငွေကြေးဖောင်းပွမှုတွေ၊ လူအခွင့်အရေး ချိုးဖောက်မှုတွေ၊ ဒေသတွင်း မတည်ငြိမ်မှု အကျပ်အတည်းတွေနဲ့ ရင်ဆိုင်ခဲ့ကြရတယ်။

မျက်မှောက်ကာလရှိ တရုတ်နိုင်ငံဟာ ၁၉၈ဝ ခုနှစ် ကာလတွေကထက် စာရင် အများကြီး တိုးတက်ပြောင်းလဲလာနေတယ်ဆိုတာ နိုင်ငံတကာက အသိအမှတ်ပြု လက်ခံလာတာ တွေ့လာရတယ်။ ဒီလို စီးပွားရေး၊ နိုင်ငံရေးနဲ့ နိုင်ငံတကာ ဆက်ဆံရေးတွေ တိုးတက်လာတဲ့ အဓိက အကြောင်းအရင်းကတော့ ကွန်မြူနစ်ပါတီ အကျိုးစီးပွားထက်၊ တိုင်းပြည်ရဲ့ အကျိုးစီးပွားကို ရှေးရှုပြီး အင်မတန်မှ လျှို့ဝှက်ဆန်းကြယ်စွာ ရဲရဲဝံ့ဝံ့ ပြတ်ပြတ်သားသား  ပြုလုပ်ခဲ့ကြတဲ့ မဟာတံတိုင်းကြီး နောက်ကွယ်က မှန်ကန်တဲ့ ပြုပြင်ပြောင်းလဲမှုတွေကြောင့် ဆိုရင်လည်း မမှားပါဘူး။

ဒီလို မှန်ကန်တဲ့ ပြုပြင်ပြောင်းလဲမှုတွေကို ပြုလုပ်လာနိုင်ခဲ့ကြလို့လည်း ဒီကနေ့ သန်း ၂ဝဝ ကျော်ရှိတဲ့ အသက် ၂ဝ နှစ်အရွယ် တရုတ်လူငယ်တွေဟာ တီယန်မင် အရေးတော်ပုံကို စိတ်ဝင်စားမှု နည်းပါးလာခဲ့ရတယ်။ တကယ်တော့  တကမ္ဘာလုံးက အသိအမှတ်ပြုထားခြင်း ခံနေရတဲ့ တရုတ်နိုင်ငံရဲ့ လက်ရှိ တိုးတက်ပြောင်းလဲနေမှုတွေဟာ တီယန်မင် အရေးတော်ပုံကြီးရဲ့ အကျိုးကျေးဇူးကြောင့် ဆိုတာကတော့ ဘယ်သူမှ ငြင်းလို့ရမှာ မဟုတ်ပါဘူး။ ဒါပေမယ့်လည်း တရုတ်ကွန်မြူနစ်အစိုးရဟာ တပါတီအာဏာရှင်စနစ်နဲ့ နိုင်ငံရေးလွတ်လပ်ခွင့်တွေကိုတော့ ဆက်လက်ထိန်းချုပ်ထားဆဲ၊ မြန်မာနိုင်ငံလို ဒေသတွင်း စစ်အာဏာရှင်တွေကို အားပေးထောက်ခံနေဆဲမို့ နိုင်ငံတကာရဲ့ ပြစ်တင်ဝေဖန်မှုတွေကို ဆက်လက်ရင်ဆိုင်နေရဆဲပါ။   

တီယန်မင် အရေးတော်ပုံကြီး ဘယ်လို စတင်ခဲ့သလဲ   

အမှန်တော့ တီယန်မင် အရေးတော်ပုံကြီးဟာ ၁၉၈၇ ဒီဇင်ဘာလမှာ တရုတ်ကွန်မြူနစ်ပါတီ အထွေထွေ အတွင်းရေးမှူး ဟူယောင်ဘန်း (Hu Yaobang) ကို ပါတီမှ အတင်းအကျပ် အနားယူခဲ့စေခြင်းမှ စတင်ခဲ့တယ်ဆိုရင် မမှားပါဘူး။

တရုတ်ကွန်မြူနစ်ပါတီ အထွေထွေ အတွင်းရေးမှူး ဟူယောင်ဘန်း (Hu Yaobang) ဟာ လွတ်လပ်စွာ ဟောပြောမှု၊ လွတ်လပ်စွာ ပုံနှိပ်ထုတ်ဝေခွင့်တွေကို နိုင်ငံအတွင်း အတိုင်းအတာတခု အားပေးခွင့်ပြုခဲ့မှုဟာ တရုတ်ကျောင်းသားလူငယ်တွေ၊ ပညာတတ် လူလတ်တန်းစားတွေနဲ့ ပါတီအတွင်း ပြုပြင်ပြောင်းလဲမှု လိုလားသူတွေရဲ့ ထောက်ခံမှုတွေကို အတော်လေး ရရှိခဲ့တယ်။

၁၉၈ဝ ခုနှစ် နောက်ပိုင်းမှာ တရုတ်ကွန်မြူနစ်ပါတီ အထွေထွေ အတွင်းရေးမှူး ဟူယောင်ဘန်း (Hu Yaobang) ဟာ ပွင့်လင်းပြီး၊ ပါတီအတွင်း ပြုပြင်ပြောင်းလဲမှုကို လိုလားသူ တယောက်အဖြစ် တရုတ်နိုင်ငံမှာ ထင်ရှားလာခဲ့တယ်။ ဒီလို ပြုပြင်ပြောင်းလဲမှုကို လိုလားသူတယောက် ဖြစ်တာကြောင့် ပါတီအတွင်း သဘောထားတင်းမားတဲ့ ရှေးရိုးစွဲ အစွန်းရောက် ပါတီခေါင်းဆောင်းများအကြားမှာ သဘောထားတင်းမာမှုတွေ၊ ပဋိပက္ခတွေ ကြီးထွားလာခဲ့ကြတယ်။ ဒီလို သဘောထား တင်းမာမှုတွေ၊ ပဋိပက္ခတွေ ကြီးထွားလာခဲ့တာကြောင့်  ၁၉၈၇ ခုနှစ်မှာ ပါတီမှ အတင်းအကျပ် အနားယူမှု ပြုလုပ်ခြင်းခံခဲ့ရတယ်။

တနည်းအားဖြင့် တရုတ်ကွန်မြူနစ်ပါတီ ခေါင်းဆောင်တွေအကြားမှာ သူ့ကို  ဆိုဗီယက် ကွန်မြူနစ်ပါတီကို ယိမ်းယိုင်သူ၊ ဆိုဗီယက်ကွန်မြူနစ်ပါတီ အထွေအထွေ အတွင်းရေးမှူး မီခေးဂိုဘာချော့ရဲ့ အတွေးအခေါ်ကို လက်ခံယုံကြည်သူလို့ စွပ်စွဲမှုတွေ ရှိခဲ့တယ်။ အဲဒီအချိန်က ဆိုဗီယက် ကွန်မြူနစ်ပါတီ အထွေအထွေ အတွင်းရေးမှူး မီခေးဂိုဘာချော့ဟာ သူ့ရဲ့  Glasnost (Openness) နှင့် Perestroika (Restructuring) ကို ဆိုဗီယက် ပြည်ထောင်စုအတွင်း အားပေးလုပ်ဆောင်နေချိန်မို့၊ တရုတ်နည်း တရုတ်ဟန်နဲ့ ချီတက်လိုကြတဲ့ ရှေးရိုးစွဲ အစွန်းရောက် တရုတ်ကွန်မြူနစ်ပါတီ ခေါင်းဆောင်တွေအကြား ဒီလိုစွပ်စွဲမှုတွေ ရှိခဲ့ကြတာပါ။

ဂေါ်ဘာချော့ဗ်ရဲ့ Perestroika နဲ့ glasnost နိုင်ငံရေး အတွေးအခေါ်ဟာ နောက်ပိုင်းမှာ ဘာလင်တံတိုင်းကြီး ပြိုကျခဲ့ပြီး အရှေ့နဲ့ အနောက် ဂျာမန် နှစ်နိုင်ငံ ပေါင်းစည်းနိုင်ခဲ့သလို၊ အရှေ့ဥရောပ နိုင်ငံတွေရဲ့ လွတ်မြောက်ရေးကို ရရှိစေခဲ့တယ်။ ဂေါ်ဘာချော့ဗ်ရဲ့ Perestroika နဲ့ glasnost နိုင်ငံရေးအတွေးအခေါ်ဟာ အရှေ့ဥရောပ နိုင်ငံတွေသာမက အာရှတိုက်ရှိ ကွန်မြူနစ် နိုင်ငံတွေ၊ အာဏာရှင်နိုင်ငံတွေကို ရိုက်ခတ်ခဲ့ပြီး၊ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေ ပြုလုပ်ဖို့အတွက် တွန်းအားပေးလာခဲ့တယ်။  

တရုတ်ကွန်မြူနစ်ပါတီ အထွေထွေ အတွင်းရေးမှူး ဟူယောင်ဘန်းကို  ၁၉၈၇ ခုနှစ်မှာ ပါတီမှ အတင်းအကျပ် အနားပေးခဲ့စဉ်က  တရုတ် ကျောင်းသားကျောင်းသူတွေ၊ တက္ကသိုလ် ကျောင်းဆရာ၊ ဆရာမတွေက  တီယန်မင်စကွဲမှာ ဆန္ဒပြမှု အနည်းအကျဉ်း ပြုလုပ်ခဲ့ကြတယ်။  ၁၉၈၇ ခုနှစ် တီယန်မင်စကွဲ ဆန္ဒပြပွဲမှာ ပီကင်းတက္ကသိုလ်  ကျောင်းဆရာမ တယောက်က အခုလို ဟောပြောခဲ့တာ မှတ်မိပါသေးတယ်။ “ငါတို့ဟာ ငါတို့ တိုင်းပြည်မှာ အကျဉ်းသားတွေ ဖြစ်နေကြပြီ” – “We are prisoners in our own country.”  သူမရဲ့ ဟောပြောလှုံ့ဆော်မှုဟာ တရုတ်လူငယ်တွေ၊ ဒီမိုကရေစီလိုလားသူတွေ၊ ပြုပြင်ပြောင်းလဲမှု လိုလားသူတွေ အနေနဲ့ တရုတ် ကွန်မြူနစ်ပါတီအတွင်း သဘောထားတင်းမာသူတွေကို ဆန့်ကျင်ကြဖို့ တပ်လှန့်နှိုးဆော်ခဲ့တယ်။

၁၉၈၉ ခုနှစ်မှာ  အထွေထွေ အတွင်းရေးမှူး ဟူဟာ  နှလုံးရောဂါနဲ့ ကွယ်လွန်ခဲ့တယ်။ တီယန်မင်စကွဲယားမှာ ပြုလုပ်ခဲ့တဲ့ သူ့ရဲ့ စျာပနအခမ်းအနားကို တရုတ်လူငယ်များ၊ ကျောင်းသူကျောင်းသားများ၊ ပညာတတ် လူလတ်တန်းစားများ၊ ပြုပြင်ပြောင်းလဲမှု လိုလားသူတွေက မကျေမနပ်ဖြစ်ကာ စတင်ဆန္ဒပြမှုတွေကို ပြုလုပ်လာခဲ့ကြတယ်။ ဒီဆန္ဒပြပွဲကို ဟူယောင်ဘန်း (Hu Yaobang) ရာထူးကို ဆက်ခံခဲ့သူ ကျောက်ကျိယန် (Zho Ziyang)  လာရောက်တွေ့ဆုံခဲ့တယ်။ ဆန္ဒပြသူတွေရဲ့ ခံစားချက်တွေကို နားလည်ကြောင်းပါကြောင်းနဲ့  ဆန္ဒပြပွဲတွေကို ရပ်ပေးဖို့ မေတ္တာရပ်ခံခဲ့တယ်။ ဆန္ဒပြသူတွေကို စာနာစိတ်ပြသခဲ့မှုကြောင့် တရုတ် ကွန်မြူနစ်ပါတီက အထွေထွေ အတွင်းရေးမှူး ကျောက်ကျိယန် (Zho Ziyang)  ကို ကွယ်လွန်တဲ့အထိ နေအိမ်မှာ အကျယ်ချုပ် ဖမ်းဆီးထိန်းသိမ်းခြင်း ခံခဲ့ရသလို၊ ဆန္ဒပြပွဲတွေဟာလည်း တနေ့ထက်တနေ့ ကြီးထွားလာခဲ့တာပါ။ နောက်ဆုံးမှာတော့ ဆန္ဒပြမှုတွေကို တရုတ် ကွန်မြူနစ်ပါတီ အမိန့်အာဏာအရ စစ်တပ်က ဖြိုခွဲခြင်း ခံခဲ့ရပါတယ်။   

၈၈၈၈ နဲ့ တီယန်မင်

တီယန်မင် အရေးအခင်း ဖြစ်ပွားပြီးနောက် တရုတ်နိုင်ငံမှာ ခေါင်းဆောင်မှုအပိုင်းကော၊ မူဝါဒအပိုင်းပါ သိသာထင်ရှား တိုးတက်ပြုပြင်ပြောင်းလဲမှုတွေကိုပြုလုပ်ခဲ့ပေမယ့်၊ မြန်မာနိုင်ငံမှာတော့  ၈ လေးလုံး အရေးတော်ပုံအပြီး အနှစ် ၂ဝ ကာလမှာ ခေါင်းဆောင်မှုမပြောင်း၊ မူဝါဒ မပြောင်းသေးဘဲ စစ်အာဏာရှင်စနစ် ပြန်လည်ထူထောင်ဖို့  နအဖ စစ်ခေါင်းဆောင်တွေက ဆက်လက် ကြိုးစားနေကြဆဲပါ။

Most read this week