ရခိုင်လွှတ်တော်က ပြဌာန်းသော ရေချိုငါးလုပ်ငန်းဥပဒေသစ် ရေလုပ်ငန်းကို ခိုင်မာလာစေမည်ဟုဆို

ရခိုင်လွှတ်တော်က ပြဌာန်းသော ရေချိုငါးလုပ်ငန်းဥပဒေသစ် ရေလုပ်ငန်းကို ခိုင်မာလာစေမည်ဟုဆို
by -
နိရဥ္စရာ

ရခိုင်ပြည်နယ် လွှတ်တော်က အတည််ပြုပြဋ္ဌာန်းလိုက်ပြီဖြစ်သည့် ရခိုင်ပြည်နယ် ရေချိုငါးလုပ်ငန်းဥပဒေသည် ရခိုင်ပြည်နယ်၏ ကျဆင်းနေသော ရေလုပ်ငန်းကဏ္ဍ တစ်ခုလုံးကို ပြန်လည်ခိုင်မာလာစေမည်ဟု  ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးမောင်မောင်အုန်းက ပြောကြားလိုက်သည်။

ယင်းကို အောက်တိုဘာ ၂၇ ရက်နေ့  နံနက်ပိုင်းက စစ်တွေမြို့ ပြည်နယ်အစိုးရ အဖွဲ့ရုံး အစည်းအဝေး ခန်းမတွင် ပြုလုပ်သော “ရခိုင်ပြည်နယ် ရေချိုငါးလုပ်ငန်းဥပဒေရှင်းလင်းခြင်း နှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ ငါးသယံဇာတဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆင်းရဲနွမ်းပါးမှုလျော့ ကျရေး အလုပ်ရုံဆွေးနွေးပွဲ”တွင် ၀န်ကြီးချုပ်က ယင်းသို့ ပြောဆိုခဲ့ခြင်းဖြစ်သည်။

Fishing-develop-2

“ ဒီဥပဒေဟာ လက်ရှိကျဆင်းနေတဲ့ ရခိုင််ပြည်နယ်ရဲ့ ရေလုပ်ငန်းကဏ္ဍတစ်ရပ်လုံးကို ပြန်လည် ခိုင်မာ တိုးတက် မြင့်မားစေမှာ ဖြစ်ပါတယ်။ ခုလို တိုးတက်ခိုင်မာလာဖို့ ရခိုင််ပြည်နယ်ဝန်ကြီးချုပ်တစ်ယောက်အနေနဲ့ အထူးပဲ မျှော်လင့်နေတဲ့ အကြောင်း ပြောကြားလိုပါတယ်” ဟု ၀န်ကြီးချုပ် ဦးမောင်မောင်အုန်းက ဆိုသည်။

ရခိုင်ပြည်နယ်အတွင်း ယခုနောက်ပိုင်း စည်းကမ်းမဲ့ ငါးဖမ်းလာနေကြသည့်အတွက် ပြည်နယ် တွင်း ငါးသယံဇာတ ရှားပါးမှုကို ရင်ဆိုင်ကြံုတွေ့နေရသည့်အပြင် ပြည်နယ်အတွင်းငါးလုပ်ငန်းကိုလည်း ထိခိုက် ကျဆင်းနေသည်ဆိုသည့် အချက်နှင့်စပ်လျဉ်း၍ ပြည်နယ်ဝန်ကြီးချုပ်က ယခုကဲ့သို့ ပြောဆိုခဲ့ ခြင်းဖြစ်သည်။

အဆိုပါဥပဒေကို ရခိုင်ပြည်နယ်လွှတ်တော် ဥပဒေပြုရေးကော်မတီနှင့် ဥပဒေအကြံပေးအဖွဲ့ အပါအဝင် ရခိုင်ပြည်နယ်ငါးလုပ်ငန်းဦးစီးဌာနမှ တာဝန်ရှိသူများ၊ ရေလုပ်ငန်းလုပ်ကိုင်ကြသူများ၊ လူမှု ကူညီရေး အဖွဲ့ဖြစ်သည့် “ပျိုးပင်”ကဲ့သို့သော အရပ်ဘက်လူ့အဖွဲ့အစည်းများဖြင့် ၂ဝ၁၃ ခုနှစ်၊ စက်တင်ဘာလမှ စတင်ပူးပေါင်းရေးဆွဲခဲ့ကြခြင်းဖြစ်ပြီး ၂၀၁၄ ခုနှစ်  စက်တင်ဘာလ ၄ ရက်နေ့ကပြုလုပ်ခဲ့ သည့် ဒသမ အကြိမ်မြောက် ရခိုင်ပြည်နယ််လွှတ်တော်တွင် အတည်ပြုပြဋ္ဌာန်းနိုင်ခဲ့ခြင်းဖြစ်သည်။

အခန်း (၁၅)  ခန်းပါရှိသော အဆိုပါဥပဒေ၏ အခန်း (၆) သည်လည်း ရခိုင်ပြည်နယ်ရှိ ရေလုပ်ငန်း လုပ်ကိုင်ကြသော ဆင်းရဲနွမ်းပါးသူများ၏လူနေမှုဘဝအပြင် ရခိုင််ပြည်နယ်တစ်ခုလုံး၏ ဆင်းရဲမှုနှုန်း ကိုပါ လျော့ကျအောင် စွမ်းဆောင်နိုင်သည်ဟု ယင်းနေ့ကပြုလုပ်သည့်အလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက် လာကြသော ပညာရှင် အများစုက သုံးသပ်ဆိုသည်။

ယင်းဥပဒေ၏ အခန်း ၆ ဖြစ်သည့် “ရပ်ရွာအခြေပြု ငါးလုပ် ငန်းအစုအဖွဲ့များဖွဲ့စည်းခြင်းနှင့် လုပ်ငန်းများ လုပ်ကိုင်ခြင်း” ဟူသည့်အခန်းတွင် “ရခိုင်ပြည်နယ်အတွင်း ငါးလုပ်ငန်းလုပ်ကိုင်ဆောင် ရွက်ရာတွင် ပိုမိုတွင်ကျယ်စွာ ဆောင်ရွက်နိုင်ရန်အတွက် ခရိုင်တစ်ခုလျှင် ရပ်ရွာ အခြေပြုငါးလုပ်ငန်း အစုအဖွဲ့ အနည်းဆုံးတစ်ဖွဲ့ကိုဖြစ်စေ၊ တစ်ဖွဲ့ထက်ပို၍ဖြစ်စေ ဖွဲ့စည်းရမည်”ဟု ဖော်ပြထားသည်။

ယင်းအပြင် ရပ်ရွာအခြေပြုငါးလုပ်ငန်းအစုအဖွဲ့များအတွက် လိုအပ်သည့်ရင်းနှီးမြှုပ်နှံငွေများကို အစိုးရထံ လျှောက်ထားလာပါက ပြည်နယ်အစိုးရအဖွဲ့က လိုအပ်သလိုစိစစ်၍ ထုတ်ချေးနိုင်ကြောင်းလည်း အဆိုပါ ဥပဒေတွင် ထည့်သွင်းဖော်ပြထားသည်။

“ဒီဥပဒေပါ ရပ်ရွာအခြေပြု ငါးလုပ်ငန်းအစုအဖွဲ့တွေစုပေါင်းပြီး စီမံခန့်ခွဲရတာက မြန်မာသာမက ကမ္ဘာမှာပါ အောင်မြင်တိုးတက်မယ့်အရာဖြစ်ပါတယ်”ဟု ငါးလုပ်ငန်းကို လေ့လာနေသည့်ပညာရှင် တစ်ဦးဖြစ်သူ Rick Gregory က ယင်းနေ့ကအခမ်းအနားတွင်ပြောကြားသွားသည်။

ယခုအတည်ပြုပြဌာန်းထားသည့်အဆိုပါဥပဒေကိုအသက်ဝင်လာစေရန်အတွက် နည်းဥပဒေ များကို အလျင်အမြင်ရေးဆွဲရန်လိုအပ်ပြီး ယင်းဥပဒေကို ရခိုင််ပြည်သူတိုင်း နားလည် လိုက်နာနိုင်အောင် သရုပ်ဖော်ပြမှုများနှင့် ရိုးရှင်းသောအသုံးအနှုန်းများသုံးကာ ပြည်သူကိုချပြရန်လိုအပ်ကြောင်း လည်း တက်ရောက်လာသည့် ပညာရှင်များက ဆိုသည်။

ရခိုင်ပြည်နယ်အတွင်း လူဦးရေ ၃၂ သိန်းကျော်ရှိသည့်အနက် ထက်ဝက်နီးပါးခန့်ဖြစ်သော ကျေးလက်နေ ပြည် သူများမှာ ငါးလုပ်ငန်းကိုလုပ်ကိုင်၍ အသက်မွေးလျက်ရှိကြောင်း ရခိုင်ပြည်နယ် ငါးလုပ်ငန်းဦးစီးဌာန၏ ညွှန်ကြားရေးမှူးက ယင်းနေ့ကပြုလုပ်သည့်အလုပ်ရုံဆွေးနွေးပွဲတွင် ပြောဆိုခဲ့ကြသည်။

Most read this week